လာမယ့်ရာသီမှာ ဘတ်ပီကို ခေါ်ယူနိုင်တော့မယ်လို့ ရီးရဲလ်မက်ဒရစ်က သေချာပေါက်ယူဆထားခဲ့တာပါ။ ဒီရာသီအစမှာ ယူရိုသန်း ၂၀၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီက ငြင်းဆန်ခဲ့လို့ လာမယ့်ရာသီမှာ အလွတ်နဲ့တောင် ရမယ်လို့ သူတို့က မျှော်လင့်ခဲ့တာပါ။ ပီရက်ဇ်ကိုယ်တိုင်လည်း အခုတော့ တပြားမှမကုန်ဘဲ ရတော့မှာဆိုပြီးတော့ကို ပြောခဲ့တဲ့အထိပါ။
အခုတော့ ခဲလေသမျှ သဲရေကျခဲ့ပါပြီ။ ဘတ်ပီက ပီအက်စ်ဂျီနဲ့ စာချုပ်သစ်ချုပ်ဆိုသွားခဲ့ပြီး သူတို့ကို ဟင့်အင်းလို့ ငြင်းသွားပါတယ်။ WhatsApp က တဆင့် ဘတ်ပီက ပီရက်ဇ်ကို သူ ဘာနေဗျူးကိုလာမှာမဟုတ်ဘူးလို့ မက်ဆေ့ချ်ပို့ခဲ့ကြောင်းလည်း သိရပြီး ပြင်သစ်မှာပဲ ဆက်နေဖို့ သူ ဆုံးဖြတ်လိုက်ပြီဆိုတာကို အသိပေးခဲ့တယ်လို့ စပိန်သတင်းဌာန El Chiringuito က ဖော်ပြခဲ့ပါတယ်။
"ကျနော် ခင်ဗျားကို ဆက်သွယ်နေတယ်၊ ပီအက်စ်ဂျီမှာပဲနေဖို့ ကျနော်ဆုံးဖြတ်လိုက်ပြီ၊ မက်ဒရစ်အတွက် ကစားရမယ့် အခွင့်အရေး ကျနော့်ကို ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊ ဒီအသင်းက ကျနော်ကလေးဘ၀ကတည်းက အားပေးခဲ့တဲ့ အသင်းပါ" လို့ ဘတ်ပီက မက်ဆေ့ချ်ပို့ခဲ့တာဖြစ်ပါတယ်။ ဒီမက်ဆေ့ချ်အတွက် ပီရက်ဇ်တယောက် တော်တော်လေးဒေါသထွက်ခဲ့တယ်လို့ သိရပါတယ်။
အပြောင်းအရွှေ့မှာဆိုရင် ဖျံကျလွန်းအားကြီးတဲ့ ပီရက်ဇ်တယောက် ကတုံးပေါ်ထိပ်ကွက်ခံရပြီး လူပါးပုလင်းထိတာပါ။ သူများမျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်နေခဲ့တဲ့ ပီရက်ဇ်တယောက် အခုတော့ သူ့ နှုတ်ခမ်းမွှေးကို လာဆွဲပြီး ကျီစယ်ခံလိုက်ရတာပါ။ ဘတ်ပီက ရီးရဲလ်ကို အသုံးချပြီးတော့ သူ့အတွက် ကြီးမားတဲ့အကျိုးအမြတ်တွေရအောင် ယူသွားခဲ့လို့ပါပဲ။
လက်မှတ်ထိုးကြေးနဲ့ လစာတင် သူက ၃ နှစ်အတွင်း ယူရိုသန်း ၆၀၀ အထိရမှာပါ။ တခြားဆုကြေးတွေ၊ စပွန်ဆာတွေ၊ ပုံရိပ်အသုံးပြုခတွေမပါဝင်သေးပါဘူး။ ပီအက်စ်ဂျီက သူတို့ကစားသမားကို ဆက်ရှိနေအောင် ရီးရဲလ်မပေးနိုင်တဲ့ ခံစားခွင့်တွေ ပေးခဲ့တာပါ။ ပီရက်ဇ်တယောက် ဒီပွဲမှာ အချီကြီးခံလိုက်ရတာပါပဲ။