COVID-19 စတင်တွေ့ရှိခဲ့ရာ ဝူဟန်မြို့ဟာ တစ်ချိန်က ကူးစက်မှုဗဟိုချက်နေရာ ဖြစ်ခဲ့ပါတယ်။

ယခင် ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ COVID-19 ကူးစက်မှုဗဟိုချက်ဖြစ်ခဲ့တဲ့ ဝူဟန်မြို့မှာ အကြီးအကျယ် ကျင်းပြုလုပ်ခဲ့တဲ့ ရေကူးကန်ပါတီပွဲကို လူဦးရေ ထောင်နဲ့ချီ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

(Photo: AFP)

တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့ရှိ ရေကမ္ဘာဥယျာဥ်တစ်ခုမှာ ကျင်းပခဲ့တဲ့ ရေကူးကန်ပါတီပွဲကြီးမှာ လူအုပ်စုကြီးက ပခုံးချင်းပွတ်တိုက်လျက် ပါဝင်ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ ရေကူးကန်ပါတီပွဲကို ဩဂုတ် ၁၅ ရက်နေ့က Wuhan Maya Beach Water Park မှာ ကျင်းပခဲ့ခြင်းဖြစ်ပြီး DJ ဖျော်ဖြေတင်ဆက်မှုနဲ့ ဂိမ်းကစားနည်းများ ပါဝင်ခဲ့ပြီး လာရောက်ကြသူတွေက ရေကူးခဲ့ကြပြီး ပါတီပွဲ အကြီးအကျယ်နွှဲခဲ့ကြတယ်လို့ ဆိုပါတယ်။



ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးက COVID-19 ထိန်းချုပ်ရေး ခပ်ခွာခွာနေရမယ့် စည်းမျဥ်းစည်းကမ်း အပါအဝင် ဖျော်ဖြေရေးနေရာများ ပိတ်ထားဆဲအချိန်မှာ ဝူဟန်မြို့မှ ရေကူးကန်ပါတီပွဲကြီး မြင်ကွင်းကို အံ့အားသင့်စရာ မြင်တွေ့ကြရပါတယ်။ လူပေါင်းများစွာ လာရောက်ဆင်နွှဲခဲ့ကြတဲ့ ပါတီပွဲကြီးမှာ ခပ်ခွာခွာနေကြတဲ့ အခြေအနေ မတွေ့ရသလောက်လည်း ဖြစ်ပါတယ်။

(Photo: AFP)

COVID-19 စတင်တွေ့ရှိခဲ့ရာ ဝူဟန်မြို့ဟာ တစ်ချိန်က ကူးစက်မှုဗဟိုချက်နေရာ ဖြစ်ခဲ့ပေမဲ့ ယခုအခါမှာတော့ မြို့တွင်းကူးစက်မှုအသစ် မတွေ့ရှိရတော့တာ သုံးလဝန်းကျင် ကြာပြီလို့ဆိုပါတယ်။ လူဦး‌ရေ ၁၁ သန်းရှိတဲ့ ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ဟာ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း လူဦးရေ ၂၂ သန်းနီးပါး (၂၁.၉ သန်းကျော်) ကို ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၇၇၆,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ကပ်ရောဂါ စတင်တွေ့ရှိရာ ဝူဟန်မြို့ကို ၇၆ ရက်ကြာ တင်းကျပ်တဲ့ lockdown အစီအမံများ သတ်မှတ်လုပ်ဆောင်ထားခဲ့ပြီးနောက် ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ထို့နောက် ဇွန်လအတွင်းမှာတော့ ယခု ရေကူးကန်ပါတီပွဲကြီး ကျင်းပပြုလုပ်တဲ့ Wuhan Maya Beach Water Park ကို ပြန်ဖွင့်ခဲ့တာဖြစ်ပါတယ်။

(Photo: AFP)

လက်ရှိမှာ အဆိုပါ ရေပန်းဥယျာဥ်မှာ ၅၀ ရာခိုင်နှုန်း ပြန်ဖွင့်ထားပြီး ကန့်သတ်ချက်အချို့ ဆက်လက်သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ဟူဘေးပြည်နယ်အစိုးရက lockdown ကာလအလွန် ပြည်နယ်ရဲ့ စီးပွားရေးကို မြှင့်တင်ရန် ခရီးသွားများ လာရောက်ကြတဲ့ နေရာပေါင်း ၄၀၀ သို့ ဝင်ခွင့်လက်မှတ် ဈေးနှုန်းတွေကို လျှော့ချပေးထားပါတယ်။

ထိုသို့ ဝင်ခွင့်ဈေးနှုန်း လျှော့ချပေးထားတဲ့ နေရာတွေအနက် Maya Beach Water Park လည်း ပါဝင်ကြောင်း သိရပြီး အမျိုးသမီးတွေအတွက် ဝင်ကြေးကို ထက်ဝက်လျှော့ချပေးထားကြောင်း သိရပါတယ်။ COVID-19 ကပ်ရောဂါ စတင်တွေ့ရှိခဲ့ရတဲ့ တရုတ်နိုင်ငံမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၈၄,၈၄၉ ဦး၊ သေဆုံးသူ ၄,၆၃၄ ဦးနဲ့ ပြန်လည်သက်သာသူ ၇၉,၆၀၃ ဦးရှိခဲ့ပါတယ်။

Source: AFP, Independent, Metro


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က