EUIPO မှာ မူပိုင်ခွင့် တင်ထားပါတယ်

ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ foldable ဖုန်း ပထမဆုံးထုတ်တဲ့ ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်တဲ့ Samsung ဟာ ဒုတိယမျိုးဆက် Galaxy Fold ရဲ့ display မှာ အပြောင်းအလဲလုပ်သွားဖို့ ရှိပါတယ်။

display ခေါက်သိမ်းနိုင်ခြင်းဟာ Samsung Galaxy Fold ထုတ်ကုန်သစ်ရဲ့ အဓိက ဈေးကွက်ဝင်ကြော်ငြာမှုတစ်ခု ဖြစ်ပေမယ့် Galaxy Fold ကို စပြီး မိတ်ဆက်ချိန်မှာ screen ဖောင်းကြွ ပျက်စီးလွယ်တဲ့ ပြဿနာ တက်ခဲ့ပါတယ်။ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ AMOLED panel ဟာ အလွယ်တကူ ပျက်စီးနိုင်ပြီး လက်သည်းကြောင့် အစင်းလည်း ထင်လွယ်တဲ့ ပြဿနာ ရှိပါတယ်။

display ပြဿနာရှိခဲ့တဲ့ Galaxy Fold ( Photo: Gizmochina)

ဒါကြောင့်ပဲ Galaxy Fold 2 သစ်မှာ အလွန်ပါးလွှာတဲ့ မှန်သားနဲ့ လုပ်ထားတဲ့ ခေါက်သိမ်းနိုင် display တစ်ခုကို သုံးသွားမှာပါ။ LetsGoDigital က ရထားတဲ့ အချက်အလက်တွေအရ Samsung ဟာ Ultra Thin Glass (UTG) panel တစ်မျိုးအတွက် ကုန်ပစ္စည်းအမှတ်တံဆိပ် မူပိုင်ခွင့် ၃ မျိုးကို ဒီဇင်ဘာ ၉ ရက်နေ့က EUIPO ဥရောပဉာဏမူပိုင်ခွင့်ရုံးမှာ တင်ထားတယ်လို့ ဆိုပါတယ်။

နာမည်ကိုတော့ Samsung Ultra Thin Glass ၊ Samsung UTG နဲ့ UTG ဆိုပြီး ပေးထားပြီး ဒီ display panel ဟာ လျှပ်စစ်အလင်းစီးကူးမှုရှိတဲ့ OLED panel ဖြစ်ပြီး ကွန်ပျူတာ display များ ၊ ဒီဂျစ်တယ် ကင်မရာနဲ့ စမတ်ဖုန်း display နေရာများမှာ သုံးနိုင်မယ်လို့ ဖော်ပြထားပါတယ်။ ဒီ panel ကိုစမတ်ဖုန်း ၊ ကွန်ပျူတာ မော်နီတာ ၊ ဒီဂျစ်တယ်ဆိုင်းပုတ် ၊ တီဗွီနဲ့ တစ်ခြား ထုတ်ကုန်အမျိုးမျိုးမှာ သုံးသွားမှာပါ။


Photo: Mobilescout

Galaxy Fold 2 ကတော့ UTG display နဲ့ ပထမဆုံးလာတဲ့ ထုတ်ကုန်ဖြစ်ဖို့ ရှိပါတယ်။ Samsung ရဲ့ UTG panels တွေဟာ လူတစ်ယောက်ရဲ့ ဆံပင်ထက်တောင်် ပိုမို ပါးလွှာပြီး အထူဟာ ၁၀၀ မိုက်ခရိုမီတာ ကနေ ၃၀ မိုက်ခရိုမီတာအတွင်းပဲ ရှိမယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား display စက်ရုံတစ်ခု ဖြစ်တဲ့ DOWOO INSYS ဟာ ဒီ UTG panel တွေ ထုတ်လုပ်မှု စတင်နေပြီလို့ Android Headlines သတင်းက ပြီးခဲ့တဲ့ နိုဝင်ဘာထဲမှာ ရေးသားဖော်ပြထားပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ကျင်းပခဲ့တဲ့ Samsung Developer Conference မှာ အပေါ်အောက် ထက်ဝက်ချိုး ခေါက်သိမ်းနိုင်မယ့် Foldable ဖုန်းဒီဇိုင်းသစ်ကို မိတ်ဆက်သွားခဲ့ပါတယ်။ Galay Fold 2 မှာ clamshell ဒီဇိုင်းသစ် သုံးလာမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က