ဆယ်ကျော်သက်အရွယ် ဟော်မုန်းအပြောင်းအလဲကြောင့် အရာတော်တော်များများပြောင်းလဲလာကြပါတယ်။

လူကြီးလည်း မဟုတ် ကလေးလည်းမဟုတ်တော့တဲ့ ဆယ်ကျော်သက်အရွယ်ဟာ တကယ်တော့ ဆယ်ကျော်သက်တွေကိုယ်တိုင်ကော မိဘတွေကိုယ်တိုင်ပါ ကိုင်တွယ်ရခက်ခဲတဲ့ အရွယ်လို့ပြောလို့ရပါတယ်။ ဆယ်ကျော်သက်အရွယ် လူပျို ၊ အပျိုဖော်ဝင်ခါစအချိန်မှာဆိုရင် ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုအပေါင်းအသင်းပိုင်းဆိုင်ရာ ဆက်ဆံရေး ၊ စိတ်အခြေအနေ စတာတွေ အပြောင်းအလဲတွေ ရှိတတ်ပါတယ်။ 




အရပ်မြင့်လာခြင်း 

ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲက သိသိသာသာ ပြောင်းလဲလာတဲ့ အရာကတော့ အရပ်အမြင့်ပါပဲ။ ယောကျာ်းလေးကော ၊ မိန်းကလေးတွေပါ အပျိုဖော် ၊ လူပျိုဖော်ဝင်လာတာနဲ့တပြိုင်နက် အရပ်တွေလည်း ရှည်ထွက်လာကြပါတယ်။ 


အသံပြောင်းလာခြင်း 

ဆယ်ကျော်သက်အရွယ်မှာ များသောအားဖြင် ယောကျာ်းလေးတွေမှာ အသံပြောင်းလာတာက သိသိသာသာ ကြုံတွေ့ဖြစ်ပေါ်လာပါတယ်။ ကလေးအသံကနေ လူကြီးအသံပြောင်းလာတာ၊ အသံသြသြကြီးဖြစ်သွားတာမျိုးတွေ ပြောင်းလဲဖြစ်ပေါ်လာပါတယ်။ 




ဝက်ခြံထွက်လာခြင်း 

လူပျိုအပျိုဖြစ်ခါစအရွယ် ဆယ်ကျော်သက်တွေ ကြုံတွေ့ရတဲ့ ကိစ္စရပ်တွေထဲမှာ ဝက်ခြံပေါက်လာတာတွေကလည်း အများဆုံးကြုံရတဲ့ ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေရဲ့ ၈၅ ရာခိုင်နှုန်းလောက်က ဝက်ခြံထွက်တာကို ကြုံတွေ့ရတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ 


ကြွက်သားနဲ့ အရိုးအဆစ်တွေကြီးထွားလာခြင်း  

ယောကျာ်းလေးတွေမှာ ရင်အုပ်ထွားလာတာ ၊ လက်မောင်းကြွက်သားတွေ၊ ခြေသလုံးကြွက်သားတွေ ထွက်လာတာမျိုးတွေ ဖြစ်လာသလို မိန်းကလေးတွေမှာဆိုရင်လည်း ရင်သားတွေဖွံ့ဖြိုးလာတာ ၊ တင်ပါးဆုံကားလာတာ စတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ 


အမွှေးအမျှင်များပေါက်လာခြင်း 

နောက်ထပ်သိသာထင်ရှားတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေမှာတာ့ အမွှေးအမျှင်လေးတွေ ထွက်လာတာမျိုးတွေဖြစ်ပေါ်လာပါတယ်။ ချိုင်းမွှေးတွေ၊ ခြေသလုံးမွှေးတွေ၊ ဆီးခုံ အနီးတဝိုက်မှာ အမွှေးအမျှင်ထွက်လာတာမျိုးတွေ ဖြစ်လာပါတယ်။ 


မိန်းကလေးတွေမှာ ဓမ္မတာပေါ်ခြင်း 

ဆယ်ကျော်သက်မိန်းကလေးတွေမှာတော့ ယောကျာ်းလေးတွေနဲ့ ကွာခြားတာတစ်ခုက ဓမ္မတာစပေါ်လာတာမျိုးတွေ ဖြစ်ပေါ်လာပါတယ်။ 


ဝမ်းနည်းအားငယ်လာခြင်း 

စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေလည်း အများကြီးဖြစ်ပေါ်လာပါတယ်။ အကြောင်းအရင်းမရှိဘဲ ဝမ်းနည်းအားငယ်တာ ၊ ဒါမှမဟုတ် ဘာမှမဟုတ်တဲ့ အရာလေးမှာတောင် ဝမ်းနည်းတာ ဒါတွေက အပျိုလူပျိုဖြစ်တဲ့အချိန် ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ဖြစ်ပေါ်ခံစားရတဲ့ အရာပဲဖြစ်ပါတယ်။ 


ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်း 

ဆယ်ကျော်သက်အရွယ် ယောကျ်ားလေးတွေရော မိန်းကလေးတွေမှာပါ ပြောင်းလဲလာတဲ့ ရုပ်ပိုင်းဆိုင်ရာကြောင့် စိတ်ပိုင်းဆိုင်ရာမှာလည်း အကျိုးသက်ရောက်မှုတွေရှိလာပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အပေါ် စိတ်တိုင်းမကျတာ ၊ ယုံကြည်မှုမရှိတာ ၊ ရှက်ရွံ့သိမ်ငယ်တာ၊ ကြောက်တာ ဒါတွေကလည်း ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေပါပဲ။ 





 ဆန့်ကျင်ဘက် လိင်ကို စိတ်ဝင်စားလာခြင်း 


အရွယ်ရောက်လာတာနဲ့အမျှ ဆန့်ကျင်ဘက်လိင်ကို တဖြည်းဖြည်း စိတ်ဝင်စားတာ ၊ စိတ်ကစားတာ စတဲ့ စိတ်ခံစားချက်တွေလည်းဖြစ်ပေါ်လာတတ်ပါတယ်။ 


သက်တူရွယ်တူ‌သူငယ်ချင်းတွေကို ပိုမက်မောလာခြင်း 


ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါ အိမ်မကပ်ချင်တော့တာ၊ ရွယ်တူသူငယ်ချင်းတွေနဲ့ စကားပြောနေရတာ၊ အတူအချိန်ဖြုန်းချင်တာ ၊ ရွယ်တူသူငယ်ချင်းတွေရဲ့ စကားကိုပဲ နားထောင်ချင်တာ (မိဘစကားကို ကလန်ကဆန်လုပ်လိုလာတာ) ဒါတွေကလည်း ဆယ်ကျော်သက် အပျို ၊ လူပျိုဖော်ဝင်ကာစအရွယ်တွေမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ 


ဒီအချက်တွေကတော့ ဆယ်ကျော်သက်အရွယ် အပျို လူပျိုဖော်ဝင်ကာစအချိန်မှာ ဒီလို ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ အချက်ကလေးပြောင်းလဲတတ်တာဖြစ်လို့ ဆယ်ကျော်သက်တွေကိုယ်တိုင်ရော ၊ ဆယ်ကျော်သက်တွေရဲ့ မိဘတွေရောက ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တတ်တဲ့အရာတွေကို သတိထားပြီး ဆင်ခြင်ကြမယ်ဆိုရင် ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာတဲ့ ဆယ်ကျော်သက်လေးတွေအဖြစ် ရှင်သန်ကြီးပြင်းနိုင်မှာဖြစ်ပါတယ်။ 

ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ ပြည်သူ့ကျန်းမာရေးဆရာဝန် ဒေါက်တာနန္ဒီရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က