မနေ့ညက ကစားခဲ့တဲ့ လီဗာပူးနဲ့ မန်စီးတီးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းကတော့ လူစားလဲခံရလို့ နည်းပြ ဂွါဒီယိုလာကို မကျေမနပ်ဖြစ်ခဲ့ပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းမှာ အပြန်အလှန်ခြေစွမ်းမျိုးရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အပြောင်းအလဲတွေရှိခဲ့ပါတယ်။
လီဗာပူးကပဲ ချေပဂိုးရရှိပြီးနောက် အနိုင်ဂိုးရရှိဖို့ အခွင့်အရေးတွေရရှိခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေ အသုံးမချနိုင်ခဲ့ပါဘူး။ မန်စီးတီးတိုက်စစ်ပိုင်းကတော့ ဒုတိယပိုင်းမှာ တော်တော်လေး ဆွံ့အသွားခဲ့ပြီး ဒီဘရိုင်း၊ ဟာလန်းတို့ ရုန်းကန်ခဲ့ရပါတယ်။
အဲ့ဒါကြောင့်လည်း ဂွါဒီယိုလာက ဒီဘရိုင်းကို လူစားလဲပစ်ခဲ့ပြီး ဒီဆုံးဖြတ်ချက်အပေါ် ဒီဘရိုင်းက မကျေမနပ်ဖြစ်ခဲ့တာပါ။ ဒီဘရိုင်းဟာ ကွင်းထဲက ထွက်လာချိန်မှာ ဂွါဒီယိုလာကို မကျေနပ်ကြောင်း ပြသခဲ့သလို လက်ထောက်နည်းပြနဲ့လည်း စကားအနည်းငယ် ပြောဆိုမှုတွေရှိခဲ့ပါတယ်။
အဲ့ဒီနောက် သူ အရန်ခုံမှာ ထိုင်နေချိန် ဂွါဒီယိုလာက စကားလာရောက်ပြောဆိုခဲ့ပေမယ့် သူတို့နှစ်ယောက်အကြား ပြောဆိုမှုတွေက အဆင်မပြေဖြစ်ခဲ့ဟန်ရှိပါတယ်။ မန်စီးတီးပရိသတ်တွေ ကြားမှာတောင်မှ ဒီဘရိုင်းကို လူစားလဲခဲ့တာနဲ့ ပတ်သက်လို့ အမြင်အမျိုးမျိုး ကွဲပြားနေခဲ့ကြပါတယ်။
ဒါ့အပြင် ဒီပွဲရဲ့ နောက်ဆုံးမိနစ် နာကျင်အချိန်ပိုမှာ မန်စီးတီး တိုက်စစ်ကစားသမား ဒိုကူ မက်အယ်လစ္စတာရဲ့ ရင်ဘတ်ကို ပင်နယ်တီဧရိယာအတွင်း ခြေထောက်နဲ့ ကန်ခဲ့မိပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီမပေးခဲ့တာကြောင့် သက်သာရာရခဲ့တယ်လို့ပဲ ပြောရမှာပါ။