မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူး အန်သိုနီမာရှယ်ဟာ ဘုန်းမောက်နဲ့ပွဲမှာ လူစားလဲလှယ်ခံရပြီးနောက် နည်းပြဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို ဒေါသထွက်နေခဲ့ပြီး အဝတ်လဲခန်းထဲ တန်းဝင်သွားခဲ့တယ်လို့ သိရပါတယ်။ မာရှယ်ဟာ အသင်းအတွက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း အရင်ပွဲတွေကထက်စာရင် အားထုတ်မှုအနည်းငယ် ပိုမိုရှိခဲ့တာပါ။
ဒါပေမယ့် ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာပဲ သူ့ကို နည်းပြအဲရစ်ခ်တန်ဟက်ဂ်က အခြားတိုက်စစ်မှူးတဦးဖြစ်သူ ဝက်ဟော့စ်နဲ့ လဲလှယ်ခဲ့တာပါ။ လူစားလဲလှယ်ခံရချိန်မှာ မာရှယ်က စိတ်ပျက်လက်ပျက်အမူအယာကို ပြသခဲ့ပြီး အရန်ခုံတန်းမှာ ဝင်မထိုင်ခဲ့ဘဲ အဝတ်လဲခန်းထဲကိုသာ တိုက်ရိုက်ဝင်သွားခဲ့ပါတယ်။
ညကပွဲမှာ သူ့ကို လူစားလဲလှယ်ခဲ့တာကြောင့် တန်ဟက်ဂ်ကို ယူနိုက်တက်ပရိသတ်တချို့က ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မာရှယ်ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီးတော့ အပြစ်တင်ခဲ့ကြပြီး နည်းပြဖြစ်သူက သူ့ကို အခွင့်အရေးပေးနေခဲ့ပေမယ့် ဒီလိုမျိုး ပြုမူခဲ့တာကတော့ ကစားသမားဘက်က လွန်ကဲတယ်လို့ မှတ်ချက်ပြုနေကြပါတယ်။
မာရှယ်ကတော့ ဒီရာသီမှာ ဒဏ်ရာတွေကြောင့် အနားယူနေခဲ့ရပြီး ယူနိုက်တက်အတွက် ပွဲကစားခွင့်နည်းပါးခဲ့သူဖြစ်ပါတယ်။ ဝင်ကစားခွင့်ရတဲ့အချိန်တွေမှာလည်း ခြေစွမ်းပုံမှန်မပြသနိုင်ခဲ့လို့ သူ့ကို ပြစ်တင်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ယူနိုက်တက်အတွက် ဒီရာသီမှာ သူက ၂၇ ပွဲကစားပေးခဲ့ပြီး ၈ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။