ပိုကီမွန်ကစားကောင်းလို့

လော့စ်အိန်ဂျလိစ်မှ ရဲအရာရှိနှစ်ဦးဟာ Pokemon Go ကစားပြီး Snorlax လိုက်ဖမ်းနေတာကြောင့် အလုပ်ဖြုတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။ 

တရားရုံးအထောက်အထားတွေမှာ ဖော်ပြချက်အရ ဒီရဲအရာရှိနှစ်ဦးဟာ ထွက်ပြေးသွားတဲ့ လုယက်သူတွေ မဖမ်းဘဲ Pokemon ဖမ်းနေခဲ့တာကြောင့် အလုပ်ဖြုတ်လိုက်တာလို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။ သူတို့နှစ်ဦးဟာ ဆိုင်ဖောက်ထွင်းမှုကို သွားကြည့်ဖို့ ရေဒီယိုကနေ ညွှန်ကြားချက်လာပြီးနောက် အနားမှာ ကားပါကင်ထိုးခဲ့တာပါ။ ဒီနောက် အမှုမလိုက်ဘဲ Pokemon Go ထိုင်ဆော့ပြီး အနီးအနားမှာ ရှိတဲ့ Snorlax ကောင်လေးကို လိုက်ဖမ်းနေတာကို ကားအတွင်းမှာ တပ်ဆင်ထားတဲ့ ကင်မရာကနေ ရိုက်ကူးမိခဲ့တာ ဖြစ်ပါတယ်။ 



Photo: Yahoo Finance


အရာရှိနှစ်ဦးဟာ ဂိမ်းမကစားခဲ့ဘူးလို့ ငြင်းကွယ်ခဲ့ပေမယ့် စုံစမ်းစစ်ဆေးမှု လုပ်ပြီးနောက် အခုလို အလုပ်ထုတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ အမှုဟာ Pokemon Go ဂိမ်း အကြီးအကျယ် ခေတ်စားနေချိန်ဖြစ်တဲ့ ၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တာပါ။ LAPD ရဲအရာရှိတွေဖြစ်တဲ့ လူးဝစ်လော်ရန်ဇို နဲ့ အဲရစ်မစ်ချဲလ်တို့ဟာ Crenshaw Mall မှာ ရှိတဲ့ Macy's စတိုးဆိုင် လုယက်မှုဖြစ်နေချိန်မှာ ကင်းလှည့်နေခဲ့တယ်လို့ ဆိုပါတယ်။ 

အခင်းဖြစ်ရာနေရာကို သွားဖို့ ရေဒီယိုညွှန်ကြားချက် ထွက်လာချိန်မှာ ညွှန်ကြားချက်ကို ပထမတော့ ဒီအတိုင်းပစ်ထားလိုက်ပြီး နောက်တစ်ကြိမ် ညွှန်ကြားချက်ထပ်ထွက်လာချိန်မှာ "မသွားဘူး"လို့ တုံ့ပြန်ခဲ့ပါတယ်။ အခင်းဖြစ်ရာကို မသွားချင်တာကြောင့် တခြားနေရာရောက်နေတယ်ဆိုပြီး လိမ်ပြောခဲ့တာပါ။ လောရန်ဇိုနဲ့ မစ်ချဲလ်တို့ရဲ့ ရဲကားအတွင်းက အသံဖမ်းချက်ကို နားထောင်ပြီးနောက် လုယက်မှုဖြစ်တဲ့နေ့မှာ သူတို့နှစ်ဦးဟာ Pokemon Go ကစားနေခဲ့တယ်လို့ LAPD က ဖော်ထုတ်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

ရဲအရာရှိနှစ်ဦကလည်း ကားအတွင်း ပုဂ္ဂလိကစကားပြောဆိုချက်ကို အသံဖမ်းထားပြီး သက်သေအဖြစ် မသုံးသင့်ကြောင်း ခုခံကာကွယ်ပြီး တရားရုံးမှာ အမှုဆိုင်ခဲ့ပေမယ့် အမှုကို ပယ်ချခံခဲ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က