ချယ်လ်ဆီးက ဟာဇက်ကို ပြန်တွေ့ရတော့မလားဆိုတာ စိတ်လှုပ်ရှားစရာပါပဲ။

ဆဲလ်တစ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ အီဒင်ဟာဇက်က အသင်းရဲ့ သူရဲကောင်းဖြစ်လာခဲ့ပါပြီ။ ပွဲကစားချိန် မိနစ် ၃၀ မှာ ဘန်ဇီမာ ဒဏ်ရာရသွားခဲ့လို့ ဟာဇက်ကို ထည့်သွင်းအသုံးပြုခဲ့ရာမှာ အလှည့်အပြောင်းတွေဖြစ်ခဲ့ပြီး ဘယ်လ်ဂျီယံသားက ဒုတိယပိုင်းမှာ ရီးရဲလ်မက်ဒရစ်တို့ ရရှိခဲ့တဲ့ သွင်းဂိုးအားလုံးမှာ ပါဝင်ပတ်သက်ခဲ့ပြီး သူ့ရဲ့ အဆိုးရွားဆုံးအချိန်တွေကို ရပ်တန့်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ဗင်နီရှပ်ရဲ့သွင်းဂိုးအတွက် ဗယ်လ်ဗာဒီက ဖန်တီးပေးမှုမှာ ဟာဇက်ဆီကနေ ဘောလုံးရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မိုဒရစ်ရဲ့ လှပတဲ့ကန်သွင်းချက်အတွက်လည်း ဟာဇက်ကပဲ ဖန်တီးပေးခဲ့ပြီး ပွဲသိမ်းဂိုးကို သူကိုယ်တိုင်ပဲ ကာဗာဂျယ်ရဲ့ဖြတ်တင်ဘောကနေ ဝင်ပိတ်သွင်းသွားခဲ့ပါတယ်။ ဒီဂိုးမသွင်းခင်မှာ ကာဗာဂျယ်ကို ညာဘက်ခြမ်းက နေရာလွတ်တွေဆီကို သွားဖို့ပါ ဟာဇက်က လက်ဟန်ခြေဟန်နဲ့ ပြသခဲ့ပါတယ်။ 



ပြီးခဲ့တဲ့တရာသီလုံးမှာ ပွဲချိန်အနည်းငယ်၊ ပွဲအနည်းငယ်သာကစားခဲ့ရပြီး သွင်းဂိုးလုံး၀မရခဲ့တဲ့ စံချိန်ကို ဟာဇက်က ပိုင်ဆိုင်ခဲ့ပြီး အခုတော့ ဂိုးမိုးခေါင်နေမှုကိုပါ အဆုံးသတ်နိုင်ခဲ့ပါပြီ။ ဒါ့အပြင် ၂နှစ်ကျော်ကာလအတွင်းမှာ တပွဲတည်း သွင်းဂိုးရော၊ ဖန်တီးမှုပါ ပထမဆုံးအကြိမ်ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီဖြစ်သလို အသင်းနိုင်ပွဲအတွက် အဓိကအကျဆုံးကစားသမားလည်းဖြစ်ခဲ့ပါတယ်။ 



ဒီလိုမျိုးတွေ စွမ်းဆောင်နိုင်ပြီးတဲ့နောက်မှာ ဟာဇက်တယောက် ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတာကို မြင်ခဲ့ရတယ်လို့ နည်းပြအန်ဆယ်လော့တီက ပြောခဲ့ပါတယ်။ ဒီလိုမျိုးတွေ လုပ်မပြနိုင်တာကြာနေခဲ့ပြီဖြစ်တဲ့ ဟာဇက်က ဒီပွဲကနေ ယုံကြည်မှုပြန်ရပြီး လာမယ့်ပွဲတွေမှာ ခြေစွမ်းပြနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။ အန်ဆယ်လော့တီကတော့ သူ့ကို အခွင့်အရေးပေးဖို့ကို အမြဲတမ်းဆန္ဒရှိတယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။ 

ဟာဇက်က ရီးရဲလ်အတွက် လေးရာသီမြောက်ကစားပေးနေတာဖြစ်ပြီး စုစုပေါင်းအားဖြင့် အခုမှ ၆၉ ပွဲသာ ကစားပေးထားခဲ့ရပါတယ်။ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေခဲ့ရပြီး ချယ်လ်ဆီးမှာမြင်တွေ့ခဲ့ရတဲ့ ဟာဇက်က ပျောက်ဆုံးသွားတာ ကြာမြင့်ခဲ့ပါပြီ။ မနေ့ကပွဲမှာတော့ ဟာဇက်အစစ်ကို ပြန်လည်မြင်တွေ့ရမယ်လို့ မဆိုနိုင်ပေမယ့် ပိုကောင်းတဲ့ဟာဇက်ကိုတော့ မြင်တွေ့ခဲ့ရပါပြီ။ 

Share

Loading Next Article...
က္က