အသက် (၅၀) ကျော်ရှိနေတဲ့ လူကြီးတွေဆိုရင် ဖြည့်စွက်အားဆေးတစ်ခုခုကို စတင်ပုံမှန်သောက်သုံးသင့်ပါတယ်။

အားဆေးဆိုတာ ပုံမှန်လူတွေ အမြဲတမ်းသောက်သင့်လား၊ မသောက်သင့်လားဆိုတာ ကျန်းမာရေးအတွက် လူတိုင်းသိချင်နေကြတဲ့ အမေးတစ်ခုပါပဲ။

Photo: Natural Product

ပုံမှန်ကျန်းကျန်းမာမာရှိနေတဲ့ သာမန်လူတွေကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာဓာတ်တွေကို အစားအသောက်တွေစားခြင်းဖြင့် ရယူတာတဲ့နည်းလမ်းက အကောင်းဆုံးပဲလို့ အာဟာရပညာရှင်တွေက ဆိုကြပါတယ်။ 

ဒါဆို ဘယ်လိုလူမျိုးတွေက အားဆေးပုံမှန်သောက်သင့်ပါသလဲ။ ဘယ်လိုအခြေအနေမှာ အားဆေးသောက်သင့်ပါသလဲ။ အားဆေးသောက်ခြင်းရဲ့ ဆိုးကျိုးကောင်းကျိုးတွေက ဘာတွေ ရှိမလဲ။ Duwun LifeStyle Food ကဏ္ဍကနေ အာဟာရအထူးကုဆရာဝန်ဒေါက်တာညီညီကျော်ရဲ့ အကြံပြုချက်ကို မျှဝေပေးသွားမှာပါ။ 

Photo: Healthline

အားဆေးသောက်သုံးသင့်သူများ

၁။ အသက် (၅၀) ကျော်နေသူတွေ

အသက် (၅၀) ကျော်ရှိနေတဲ့ လူကြီးတွေဆိုရင် ဖြည့်စွက်အားဆေးတစ်ခုခုကို စတင်ပုံမှန်သောက်သုံးသင့်ပါတယ်။ ဥပမာ- တစ်လုံးတည်းသောက်ရုံနဲ့ အာဟာရဓာတ်အစုံရတဲ့အားဆေးတစ်ခုခု သောက်နိုင်ပါတယ်။ ဘယ်အားဆေး အမျိုးအစားရမယ်မှမဟုတ်ပါဘူး။ ဈေးကွက်ထဲမှာ အားဆေး တစ်လုံးကို ငွေကျပ် (၁၀၀)ကနေ ကျပ် (၁၀၀၀) တန်ထိ တစ်လုံး (၁၀၀၀) ထိရှိနိုင်ပါတယ်။ မိမိတတ်နိုင်တဲ့အပေါ်မူတည်ပြီး တစ်နေ့တစ်လုံးမှီဝဲသောက်သုံးနိုင်တယ်လို့ အာဟာရအထူးကုဆရာဝန်ဒေါက်တာညီညီကျော်က ဆိုပါတယ်။  

၂။ အစာအိမ်ရောဂါရှိသူတွေ

အစာအိမ်ရောဂါရှိသူတွေ၊ အစားကောင်းကောင်းစားလို့မရတဲ့သူတွေအနေနဲ့လည်း အားဆေးသောက်ဖို့ စဉ်းစားနိုင်ပါတယ်။ အစာအိမ်အူလမ်းကြောင်းနဲ့ပတ်သက်ပြီး ပြဿနာဖြစ်နေတဲ့သူတွေ၊ နည်းနည်းလေး စားလိုက်တာနဲ့ ဝမ်းလျှောတာ၊ အစာအိမ်အူလမ်းကြောင်းယောင်နေတဲ့သူတွေ၊ အစာတစ်ခုခုနဲ့ ဓာတ်မတည့်တဲ့သူတွေလည်း အားဆေးသောက်သုံးနိုင်ပါတယ်။

၃။ အရက်အလွန်အကျွံသောက်သုံးသူတွေ

အရက်အလွန်အကျွံသောက်တဲ့သူတွေဟာ အစားသိပ်မစားနိုင်တဲ့အတွက် တစ်ဖက်တစ်လမ်းကနေ အာဟာရဓာတ်ရအောင် ဗီတာမင် မင်နရယ်လို့ ခေါ်တဲ့ သတ္တုဓာတ်တို့ သက်စောင့်ဓာတ်တို့ရအောင် အားဆေးတွေ သောက်သုံးသင့်ပါတယ်။

ဒါပေမယ့် ဗီတာမင်ဒီပြင်းအားများတဲ့ဆေးတွေ၊ ဇင့်တွေ၊ ကယ်လ်ဆီယမ်တွေ သောက်သုံးမယ်ဆိုရင်တော့ သွေးစစ်ပြီးမှ သောက်သင့်ပါတယ်။ ဒါတွေသောက်မယ်ဆိုရင်လည်း အချိန်အတိုင်းအတာတစ်ခုအထိပဲ တိုက်ပါ။ မလိုအပ်တော့ဘူးဆိုရင် တစ်နေ့တာမှာ လိုအပ်တဲ့အာဟာရဓာတ်ပါဝင်တဲ့အားဆေးတစ်မျိုးမျိုးသောက်သုံးပါ။

Photo: Healthline

ဆရာဝန်ရဲ့ ညွန်ကြားချက်ကိုတိတိကျကျလိုက်နာပါ

အာဟာရပညာရပ်မှာ ဗီတာမင်ဒီကို ဘယ်လိုကန့်သတ်ထားသလဲဆိုရင် လူတစ်ယောက်ဟာ (၄၀၀) ယူနစ်ကနေ (၆၀၀) ယူနစ်လောက်ထိပဲ လိုအပ်ပါတယ်။ အလွန်ဆုံးဆိုရင် (၁၀၀၀)၊ (၁၅၀၀) အများဆုံး (၂၀၀၀) အထိပဲ သောက်သုံးသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဥပမာ- တစ်နေ့ကို တစ်သောင်းအား၊ နှစ်သောင်းအား ၊ ငါးသောင်းအား ဒါမျိုးတွေသောက်တော့မယ်ဆိုရင် သွေးဖောက်စစ်ဖို့ လိုအပ်တယ်လို့ အာဟာရအထူးကုဆရာဝန် ဒေါက်တာညီညီကျော်က ဆိုပါတယ်။

သွေးဖောက်စစ်လိုက်လို့ သွေးထဲမှာ ဗီတာမင်ဒီ ချို့တဲ့နေတယ်ဆိုပါက ဘယ်အားကို ဘယ်နှစ်ရက်သောက်ပါဆိုတဲ့ ဆရာဝန်ရဲ့ ညွန်ကြားချက်အတိုင်းလုပ်ပါ။ အားဆေးဆိုတာ သူများသောက်တိုင်း ကိုယ်ကလိုက်သောက်ရမှာမဟုတ်ပါဘူး။  

အားဆေးတရားလွန်သောက်ခြင်းရဲ့ ဆိုးကျိုး

ဆေးတွေသောက်တဲ့ပမာဏ မတရားများသွားတယ်ဆိုပါက မိမိကိုယ်ပြန်ပြီး ဒုက္ခပေးနိုင်တယ်ဆိုတာကို သတိပြုပါ။ အားဆေးတရားလွန်သောက်မိခြင်းကြောင့် အသည်းတွေ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့်မို့ ဖြည့်စွက်အားဆေးတစ်ခုခုသောက်မယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး သွေးစစ်ကြည့်ဖို့ လိုအပ်ပါတယ်။

“ မိမိခန္ဓာကိုယ်ကို အစမ်းသပ်ခံ ပစ္စည်းအနေနဲ့ မစမ်းသပ်ပါနဲ့။ သူများသောက်လို့ သူများစားလို့ ကိုယ်လိုက်လုပ်မယ်ဆိုတာမျိုးမလုပ်ပါနဲ့။ အဓိကက ဆရာဝန်တွေနဲ့ တိုင်ပင်ပါ။ အားဆေးသောက်သုံးသင့်သည့်တိုင်အောင် ဘယ်လောက်ပမာဏသောက်ရမလဲဆိုတာကို သေချာတိုင်ပင်ဖို့ အရေးကြီးပါတယ်။” လို့ ဒေါက်တာညီညီကျော်ကဆိုပါတယ်။

အာဟာရပြည့်ဝဖို့ အစားအသောက်အဓိကစားပါ

ခန္ဓာကိုယ်ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝဖို့ လိုအပ်တာက ပရိုတင်းလို့ခေါ်တဲ့အသားဓာတ်၊ ကာဗိုဟိုက်ဒြိတ်လို့ခေါ်တဲ့ သကြားဓာတ်အချိုဓာတ်၊ Fat ခေါ်တဲ့အဆီဓာတ် ဒီ (၃) မျိုးကို သင့်တင့်လျောက်ပတ်မှန်ကန်အောင်စားပေးဖို့ လိုပါတယ်။ ဒီအာဟာရဓာတ် (၃)ခုကသာ လူကို လန်းဆန်းစေပြီး သာမန်လူအတိုင်း နေကောင်းကျန်းမာစေတာဖြစ်ပါတယ်။

တစ်နေ့ကို မနက်စာ၊ နေ့လယ်စာ၊ ညစာနဲ့ အဆာပြေ နှစ်ကြိမ်လောက် စားပေးလိုက်မယ်ဆိုရင် လူတစ်ယောက်ဟာ အာဟာရပြည့်ပြည့်၀၀ရရှိမှာဖြစ်ပါတယ်။ နေ့စဉ် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ ပရိုတင်းဓာတ်အပြည့်အဝရဖို့ဆိုရင် အသီးအရွက်၊ အသားငါးတွေကို သင့်တင့်မျှတအောင် စားပေးပါ။ ဒီလို သင့်တင်မျှတအောင် စားပေးခြင်းဖြင့် အထက်မှာဖော်ပြထားတဲ့ အားဆေးမှီဝဲဖို့လိုအပ်တဲ့သူတွေကလွဲပြီး ကျန်တဲ့သူတွေအနေနဲ့ အားဆေးတကူးတက သောက်သုံးနေစရာမလိုအပ်ပါဘူး။

သတင်းဆောင်းပါးပါအချက်အလက်များသည် Dr. Nutrition Page မှ အာဟာရအထူးကုဆရာဝန်ဒေါက်တာညီညီကျော်မှ ဝေမျှအကြံပြုထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က