နာမည်ကျော် ဂျပန်ဆိုင်ကယ်ကုမ္ပဏီ Kawasaki ဟာ စိတ်ဝင်စားစရာ စက်ရုပ်တစ်မျိုးကို ဖန်တီးထားပါတယ်။
Bex လို့ နာမည်ပေးထားတဲ့ ဆိတ်ပုံစံ စက်ရုပ် ဖြစ်ပါတယ်။ ဥရောပအာရှ ၊ မြောက်အာဖရိက နဲ့ အရှေ့အာဖရိကတလွှားတွေမှာ တွေ့ရတဲ့ ibex တောရိုင်းဆိတ်မျိုးနွယ်ဝင် ဆိတ်ပုံစံကို တည်ဆောက်ထားတာ ဖြစ်ပြီး ရင်ဘတ်ကနေ ချိုတစ်လျှောက် အလင်းတန်းထည့်ပေးထားပြီး ကွေးညွှတ်နိုင်တဲ့ ခြေချောင်းလက်တံ ၄ ခု ပါရှိပါတယ်။ ဒူးနေရာမှာ ဘီးတွေ တပ်ထားပြီးလည်း လှည့်ပတ် သွားလာနိုင်ပါတယ်။
မြင်းတစ်ကောင်ပုံစံ လေးချောင်းထောက် သွားနိုင်ပြီး လူတစ်ယောက် တက်စီးတဲ့ ဝိတ်ကို ခံနိုင်အောင်ပါ တည်ဆောက်ထားတာပါ။ မြင်းစီးသလို တက်စီးနိုင်ပြိး အလေးချိန် ပေါင် ၂၂၀ (ကီလိုဂရမ် ၁၀၀) အထိ သယ်ဆောင်နိုင်မှာပါ။ Bex ဟာ သိပ်မလေးတဲ့ ကုန်ပစ္စည်းတွေ နဲ့ ကောက်ပဲသီးနှံလိုမျိုးတွေကို သယ်ဆောင်နိုင်ပြီး လုပ်ငန်းခွင်အခြေအနေကို ဆန်းစစ်ကြည့်ရှုနိုင်အောင် ကင်မရာတွေလည်း တပ်ဆင်ပေးထားပါတယ်။
အပေါ်ပိုင်း ကိုယ်ထည်ဟာ အသုံးပြုမယ့် လိုအပ်ချက်ပေါ် လိုက်ပြီး ပုံစံပြောင်းနိုင်မယ်လို့လည်း ဆိုပါတယ်။ ဒီဆိတ်စက်ရုပ်ဟာ Kawasaki ရဲ့ စက်ရုပ်စီမံကိန်းတစ်ခု ဖြစ်ပြီး Kaleido ပရိုဂရမ်ကနေ ထွက်လာတဲ့ ထုတ်ကုန်တစ်ခုပါ။ အကြမ်းခံတဲ့ လူပုံစံပလက်ဖောင်း RHP လို့ခေါ်တဲ့ Kaleido ပရိုဂရမ်ကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး ခြေနှစ်ချောင်းတပ်စက်ရုပ် Bipedal Robots ထုတ်လုပ်မှုကို အာရုံစိုက်ခဲ့တာ ဖြစ်ပါတယ်။
"လူပုံတူစက်ရုပ် Humanoid Robots တွေနဲ့ ဘီးတပ်စက်ရုပ် Wheeled Robots တွေအကြား လမ်းခုလတ်ပါပဲ။ ဒါကနေ အခွင့်အလမ်းတစ်ခု ရှိလာမလားဆိုတာ စိတ်ဝင်စားနေကြပါတယ်။ဒါကြောင့်ပဲ ခြေလေးချောင်းတပ် လမ်းလျှောက်နိုင် Bex စက်ရုပ်ကို တည်ဆောက်ဖြစ်တာပါ။ Humanoid စက်ရုပ်တွေဖွံ့ဖြိုးရေးမှာ လမ်းလျှောက်ခြင်းနည်းပညာ ဖွံ့ဖြိုးလာတာဟာ လေးခြောင်းတပ် လမ်းလျှောက်စက်ရုပ်တွေကို အများကြီးအသုံးချနိုင်လာမယ်လို့ ယုံကြည်ပါတယ်။ " ဆိုပြီး Kawasaki ရဲ့ အကြီးအကဲ မာဆာယူကီ ဆောဘဲက ဆိုပါတယ်။
Bex ကို ပြီးခဲ့တဲ့အပတ် တိုကျိုမှာ ကျင်းပသွားတဲ့ နိုင်ငံတကာ စက်ရုပ်ပြပွဲမှာ မိတ်ဆက်ပြသွားတာပါ။ လက်ရှိမှာ နာမည်ကြီး Boston Dynamic စက်ရုပ်ကုမ္ပဏီကနေ လမ်းလျှောက်နိုင် ခွေးစက်ရုပ်တစ်မျိုး ထွင်ခဲ့သလို Xiaomi ကလည်း ခွေးစက်ရုပ်တစ်မျိုးကို မိတ်ဆက်ထားပါတယ်။