ယမန်နှစ်က ဝစ်ကွန်ဆင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးဆိုင်ရာ ဆူပူအုံကြွမှုအတွင်း အမျိုးသားနှစ်ဦးအား သေနတ်နဲ့ပစ်သတ်ခဲ့သူ ဆယ်ကျော်သက်တစ်ဦးကို တရားရုံးက အပြစ်မရှိကြောင်း ဆုံးဖြတ်ပြီး တရားသေလွှတ်ပေးလိုက်ခြင်းအပေါ် ဒေါသထွက်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောပါတယ်။
(အမေရိကန်သမ္မတဂျိုးဘိုင်ဒန်) (Photo: KBC)
သမ္မတဘိုင်ဒန်က အစောပိုင်းမှာ ဂျူရီအဖွဲ့နဲ့အတူ ရပ်တည်ကြောင်း ပြောထားခဲ့ပေမဲ့ ယခု စီရင်ချက်အပေါ် တုန်လှုပ်ချောက်ချားမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အသက် ၁၈ နှစ်အရွယ် ကိုင်လီရစ်တင်ဟောက်စ် (Kyle Rittenhouse) ဟာ ဝစ်ကွန်ဆင်ပြည်နယ် ကီနိုရှာမြို့မှာ ၂၀၂၀ ခုနှစ် ဩဂုတ် ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စွဲချက်အားလုံးမှ တရားသေလွှတ်မြောက်ခဲ့ပြီးနောက် စိတ်လှုပ်ရှားငိုကြွေးနေခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်သူတွေကြား သဘောထားကွဲလွဲမှုတွေဖြစ်ခဲ့တဲ့ ယခု တရားရုံးကြားနာစစ်ဆေးမှုရဲ့ စီရင်ချက်အပေါ် မထင်ရှားတဲ့ ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့လူငယ်အရာရှိလောင်း သင်တန်းသားဟောင်းဖြစ်သူ ရစ်တင်ဟောက်စ်က ကီနိုရှာမြို့ဖြစ်စဥ်အတွင်း အသက် ၃၆ နှစ်အရွယ် Joseph Rosenbaum ၊ အသက် ၂၆ နှစ်အရွယ် Anthony Huber တို့ကို ပစ်သတ်ခဲ့ကြောင်းနဲ့ အသက် ၂၈ နှစ်အရွယ် Gaige Grosskreutz ကို ဒဏ်ရာရစေခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ သို့သော် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ ထိုသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးမှာ လျှောက်လဲခဲ့ပါတယ်။
(ဆယ်ကျော်သက် ကိုင်လီရစ်တင်ဟောက်စ်) (Photo: Getty Images)
သောကြောနေ့ (နိုဝင်ဘာ ၁၉ ရက်) က တရားရုံးစီရင်ချက်အရ ရစ်တင်ဟောက်စ်ဟာ ၎င်းအပေါ် စွဲဆိုထားတဲ့ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု နှစ်မှု၊ လူသတ်ရန်ကြိုးပမ်းမှု တစ်မှုနဲ့ ဘေးကင်းလုံခြုံမှုကို မဆင်မခြင် အန္တရာယ်ဖြစ်စေမှု နှစ်မှုတို့အတွက် အပြစ်မရှိကြောင်း ဆုံးဖြတ်ခံရပြီး တရားသေလွှတ်မြောက်ခဲ့ပါတယ်။
အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား၅ ဦးတို့ ပါဝင်ကြတဲ့ ဂျူရီအဖွဲ့က ရစ်တင်ဟောက်စ်ရဲ့ အမှုကိစ္စကို သုံးရက်ခွဲကြာ အချိန်ယူခဲ့ပြီးနောက် ၎င်းကို တရားသေလွှတ်ပေးရန် ဆုံးဖြတ်စီရင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ စီရင်ချက်ကိုသိရပြီးနောက် စိတ်သက်သာရာရသွားတဲ့ ရစ်တင်ဟောက်စ်ဟာ လဲကျလုမတတ်ပင်ဖြစ်ခဲ့ပြီး ၎င်းရဲ့မိခင်ဖြစ်သူလည်း စိတ်လှုပ်ရှားငိုကြွေးခဲ့ပါတယ်။
(Joseph နဲ့ စေ့စပ်ထားသူ၊ Huber ရဲ့ အဒေါ်နဲ့ Huber ရဲ့ ချစ်သူ) (Photo: Reuters)
ရဲတပ်ဖွဲ့က ၂၀၂၀ ခုနှစ် ဩဂုတ် ၂၃ ရက်နေ့မှာ လူမည်းအမျိုးသား ဂျက်ကော့ဘလိတ် (Jacob Blake) ဆိုသူကို အနောက်ကနေ သေနတ်နဲ့ ၇ ချက်ပစ်ခတ်ခဲ့ရာ ထိုအမျိုးသားဟာ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ မလှုပ်ရှားနိုင်တဲ့ အခြေအနေဖြစ်သွားခဲ့ပါတယ်။ ထိုဖြစ်ရပ်အပေါ် မကျေနပ်ကြရာမှ ဝစ်ကွန်ဆင်ပြည်နယ် ကီနိုရှာမြို့မှာ ဆူပူအုံကြွခဲ့ကြပြီး လုယက်မှုနဲ့ မီးရှို့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဆူပူအုံကြွမှုအတွင်း ပစ်ခတ်ခဲ့တဲ့ ရစ်တင်ဟောက်စ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ အမျိုးသားနှစ်ဦးကတော့ လူဖြူတွေဖြစ်ကြကြောင်း သိရပါတယ်။ ထိုဖြစ်ရပ်မှာ Joseph Rosenbaum ဟာ ထိုစဥ်က အသက် ၁၇ နှစ်အရွယ် ရစ်တင်ဟောက်စ်နောက်သို့လိုက်ပြီး သေနတ်ကို လုယူရန်ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။
(တရားရုံး စီရင်ချက်ကို တုံ့ပြန်ပြောဆိုနေသူများ) (Photo: Reuters)
ထို့နောက် ရစ်တင်ဟောက်စ်က ၎င်းကို ပစ်သတ်ခဲ့ပါတယ်။ Anthony Huber ကတော့ ရစ်တင်ဟောက်စ်ကို စကိတ်ဘုတ်ပြားတစ်ခုနဲ့ ဦးခေါင်း သို့မဟုတ် လည်ပင်းကို ရိုက်ခဲ့ပြီးနောက် ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒဏ်ရာရခဲ့သူ Gaige Grosskreutz ဟာ ရစ်တင်ဟောက်စ်ကို သေနတ်နဲ့ချိန်ရွယ်ထားစဥ် ပစ်ခတ်ခံခဲ့ရကြောင်း သိရပါတယ်။
ယခုအမှုနဲ့ တရားရုံးစီရင်ချက်အပေါ် အမေရိကန်မှာ ပြည်သူတွေကြားမှာအပြင် နိုင်ငံရေးနယ်ပယ်မှာပါ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ ဒီမိုကရက်အများအပြားက စီရင်ချက်ကို ရှုတ်ချခဲ့ကြပြီး ရီပတ်ဘလစ်ကင်တွေကတော့ တရားမျှတမှုရှိခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။