ထင်ပေါ်ကျော်ကြားသူတွေကို ဆိုက်ဘာတိုက်ခိုက်မှုမလုပ်နိုင်အောင် ကာကွယ်ပေးမယ့် iPhone Feature တစ်ခု Apple က မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
နိုင်ငံရေးသမားနဲ့ တက်ကြွလှုပ်ရှားသူတွေလိုမျိုး ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကို နိုင်ငံကိုယ်စားပြု ဟက်ကာတွေရဲ့ လက်ချက်ကနေ ကာကွယ်ပေးဖို့ ရည်ရွယ်ချက်နဲ့ Lockdown Mode ဆိုပြီး iPhone အတွက် Feature သစ်တစ်မျိုးကို ကြေညာခဲ့တာပါ။ Lockdown Mode ဟာ ဆိုင်ဘာတိုက်ခိုက်သူတွေ စနစ်ထိုးဖောက်နိုင်ခြေရှိတဲ့ features အရေအတွက်ကို သိသိသာသာ လျှော့ချထားပြီး spyware တိုက်ခိုက်မှုကို နည်းအောင် လုပ်ထားတာပါ။
ဒီ mode မှာ iPhone ပေါ်က features အတော်များများ ပိတ်ပေးထားတာ တွေ့ရပါတယ်။ အထူးသဖြင့် iMessage ထဲက preview features အတော်များများ ပိတ်တာ ၊ Safari browser ပေါ်မှာ ရှိတဲ့ Javascript ကန့်သတ်တာ ၊ ထည့်ထားတဲ့ profile ကို configuration သစ် ပြန်ချတာကနေ ကာကွယ်တာ ၊ အချက်အလက် ကော်ပီကူးမရအောင် ကြိုးနဲ့ချိတ်ဆက်တဲ့ Wired Connections တွေ ပိတ်တာ နဲ့ FaceTime အပါအဝင် Apple ရဲ့ အဝင်ခေါ်ဆိုမှုလုပ်တဲ့ Services တွေ ပိတ်ပေးတာတွေ လုပ်ထားပါတယ်။
Apple ကုမ္ပဏီဟာ Lockdown Mode လုံခြုံရေးကို ပိုကြံ့ခိုင်စေဖို့ ဒီ Feature မှာ လုံခြုံရေးပြစ်ချက်ရှာနိုင်တဲ့ သုတေသီတွေကို ဒေါ်လာ ၂ သန်းအထိ ဆုကြေးပေးသွားမယ်လို့လည်း ကြေညာထားပါတယ်။ တက်ကြွလှုပ်ရှားသူ ၊ နိုင်ငံရေးသမားနဲ့ ဂျာနယ်လစ်တွေ အသုံးပြုနေတဲ့ Apple ထုတ်ကုန်တွေမှာ Spyware ကူးစက်ခံရကြောင်း သတင်းတွေ ထွက်လာပြီးနောက် Lockdown Mode ကို မိတ်ဆက်လိုက်တာပါ။
Apple ဟာ ကုမ္ပဏီရဲ့ ထုတ်ကုန်လုံခြုံရေးကို တာဝန်ယူတဲ့အနေနဲ့ iPhone ၊ iPad စတဲ့ ထုတ်ကုန်တွေကို Spyware ထည့်ပြီး ထောက်လှမ်းမှုလုပ်နေတဲ့ Pegasus Spyware ကုမ္ပဏီ NSO Group ကို တရားစွဲဆိုမှု လုပ်ထားပါတယ်။ အစ္စရေးဆိုင်ဘာကုမ္ပဏီ NSO Group ရဲ့ Pegasus Spyware ဟာ လင့်ခ်ဝင်မလစ်ချိန်မှာပါ spyware သွင်းနိုင်တဲ့ Zero-Click Attack ပါ လုပ်ဆောင်နိုင်စွမ်းရှိပြီး သူကူးစက်ထားတဲ့ ထုတ်ကုန်တွေရဲ့ ကင်မရာနဲ့ မိုက်ခရိုဖုန်းကို အဝေးကနေ ထိန်းချုပ်နိုင်သလို အထဲက အချက်အလက်တွေလည်း ဝင်ကြည့်နိုင်စွမ်း ရှိပါတယ်။
Lockdown Mode ကို iPhone ၊ iPad နဲ့ Macs ထုတ်ကုန်တွေအားလုံးအတွက် လာမယ့် ဆောင်းရာသီမှာ ထွက်လာမယ့် iOS 16 ၊ iPadOS 16 နဲ့ macOS Ventura တို့မှာ ထည့်သွင်းဖြန့်ချိသွားမယ်လို့လည်း သိရပါတယ်။