ဘာစီလိုနာတို့ ကစားသမားသစ်တွေကို မှတ်ပုံတင်နိုင်ခြင်းမရှိသေးပါဘူး။

ဘာစီလိုနာဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ကက်ဆီ၊ ခရစ္စတန်ဆန်၊ ရာဖင်ဟာနဲ့ လီဝန်ဒေါစကီးတို့ကို ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။ ကက်ဆီနဲ့ ခရစ္စတန်ဆန်တို့အတွက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပေမယ့် ရာဖင်ဟာနဲ့လီဝန်ဒေါစကီးအတွက် ပြောင်းရွှေ့ကြေးက ယူရိုသန်း (၁၀၀) ဝန်းကျင် အသုံးပြုထားရပါတယ်။



ဒါ့အပြင် ဘာစီလိုနာဟာ လက်ရှိနွေရာသီစျေးကွက်မှာခေါ်ယူထားတဲ့ ကစားသမားသစ်လေးယောက်လုံးကို အခုချိန်ထိ မှတ်ပုံမတင်နိုင်သေးပါဘူး။ ဒါဟာ လာလီဂါအဖွဲ့ချုပ်ဘက်က သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးမျှခြေစည်းကမ်းတွေကြောင့်လို့ ဒေးလီးမေးလ်က ပီတီဂျွန်ဆင်က ရေးသားဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာဟာ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို ကနဦးပြောင်းရွှေ့ကြေး ယူရို (၇၅) သန်းနဲ့ ယူနိုက်တက်ထံ ရောင်းချဖို့ သဘောတူညီထားပါတယ်။

ဒါပေမယ့်လည်း ကစားသမားဘက်က ကိုဗစ်နဲ့ အသင်းဘဏ္ဍာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ကာလအတွင်း မရရှိသေးတဲ့ သူ့ရဲ့လုပ်ခ ပေါင် (၁၇) သန်းဝန်းကျင်ရရှိမှသာ အသင်းကထွက်ခွာဖို့ ပြင်ဆင်ထားပါတယ်။ ဒီကစားသမားကို အသင်းကနေ သေချာပေါက်ထွက်ခွာဖို့ ဘာစီလိုနာဘက်က သတိပေးထားပါတယ်။ အစပိုင်းမှာတော့ ဒီဂျောင်ကို အသင်းရဲ့ရာသီကြိုခြေစမ်းခရီးစဥ်ကနေ ချန်လှပ်ခဲ့ဖို့ တာဝန်ရှိသူတွေက စီစဥ်ခဲ့သေးတာပါ။

ဒါပေမယ့်လည်း နည်းပြဇာဗီရဲ့ တောင်းဆိုမှုကြောင့် လူစာရင်းမှာ ထည့်သွင်းခဲ့ရပါတယ်။ ဘာစီလိုနာဟာ ဒီဂျောင်ကို မရောင်းချနိုင်ဘူးဆိုရင် လက်ရှိခေါ်ယူထားတဲ့ ကစားသမားတွေကို ဘာစီလိုနာကစားသမားအဖြစ် တရားဝင်မှတ်ပုံတင်ခွင့်ရှိမှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့်လည်း ဒီဂျောင်ကို ဘာစီလိုနာတာဝန်ရှိသူတွေက အသင်းကနေ ရောင်းထုတ်ချင်နေတာပါ။

ဒီဂျောင်အနေနဲ့ အသင်းမှာဆက်နေမယ်ဆိုရင် လာမယ့်ရာသီမှာ သူ့ရဲ့စာချုပ်အရ ဘာစီလိုနာဘက်က လစာတိုးပေးရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပမာဏကို ဘာစီလိုနာဘက်က ပေးချေလိုခြင်းမရှိသလို ကစားသမားနဲ့အေးဂျင့်ဘက်ကလည်း လစာလျှော့ယူမယ့်ကိစ္စကို လက်ခံသွားဖို့ အစီအစဥ်မရှိပါဘူး။ ဘာစီလိုနာဟာ လက်ရှိအချိန်မှာ ကွန်ဒေး၊ အက်ဇ်ပီလီကွီတာတို့ကို ဆက်လက်ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

ဒါပေမယ့် ဒီကစားသမားတွေကို ခေါ်ယူနိုင်ခဲ့သည့်တိုင် အသင်းအနေနဲ့ ဒီဂျောင်ရဲ့ လစာကိစ္စအပါအဝင် ဘဏ္ဍာရေးပြဿနာကို မဖြေရှင်းနိုင်သေးသရွေ့ ကစားသမားသစ်တွေကို မှတ်ပုံတင်နိုင်မှာမဟုတ်ဘူးလို့ သိရှိရပါတယ်။

Share

Loading Next Article...
က္က