ထောင်ထဲမှာ ၂၇ နှစ်ကြာ အကျဥ်းကျနေခဲ့တဲ့ တရုတ်နိုင်ငံအရှေ့ပိုင်းမှ အမျိုးသားတစ်ဦးရဲ့ အမှုကို တရားရုံးက ပြန်လည်စစ်ဆေးမှုအရ အပြစ်မရှိကြောင်း စီရင်ဆုံးဖြတ်ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
(Photo: Pear Video)
ယခုအခါ အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ ဇန်ယုဟွမ် (Zhang Yuhuan) အမည်ရှိ ထိုအမျိုးသားဟာ ၁၉၉၃ ခုနှစ်အတွင်း လူငယ်လေးနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ညှဥ်းပန်းနှိပ်စက်ကာ အတင်းအကျပ် ဝန်ခံခိုင်းခဲ့တယ်လို့ သိရပါတယ်။ ၎င်းဟာ တရုတ်နိုင်ငံမှာ မှားယွင်းပြစ်ဒဏ်ချမှတ်ခံရပြီး အရှည်ကြာဆုံး ထောင်ကျအကျဥ်းသားလည်း ဖြစ်ခဲ့ပါတယ်။
ဇန်ဟာ Jiangxi ပြည်နယ်ရှိ အကျဥ်းထောင်မှာ ရက်ပေါင်း ၉,၇၇၈ ရက်ကြာ အကျဥ်းကျခဲ့ပါတယ်။ ဇန်ရဲ့အမှုကို ပြန်ဖွင့်ပြီး စစ်ဆေးခဲ့ကြတဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ အဆိုအရ ၎င်းရဲ့ ဖြောင့်ချက်ပေးမှုမှာ ရှေ့နောက်မညီဘဲ ကွဲလွဲမှုတွေရှိခဲ့ကြောင်းနဲ့ မူလအမှုအခင်းနဲ့ ကိုက်ညီခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
(Photo: Jiangxi Court/WeChat)
ဇန်ရဲ့အမှုမှာ ပြစ်ဒဏ်ချမှတ်ခံရခြင်းဟာ မှန်ကန်ကြောင်း လုံလောက်တဲ့ သက်သေအထောက်အထားမရှိဘူးလို့ အထက်တရားရုံးတစ်ရုံးက တွေ့ရှိခဲ့ပြီးနောက် ၎င်းကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ တရုတ်အစိုးရက မှားယွင်းပြစ်ဒဏ်ချမှတ်ခံရမှုတွေကို ပယ်ဖျက်ပေးရန် ပိုမိုဆန္ဒရှိလာကြောင်း၊ သို့သော် ရာဇဝတ်ပြစ်မှုတွေသာဖြစ်ပြီး နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမှုများ မပါဝင်ကြောင်း လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
တရုတ်မီဒီယာမှာ ဖော်ပြခဲ့မှုအရ ထောင်မှပြန်လွတ်လာတဲ့ ဇန်ဟာ ၎င်းရဲ့ အသက် ၈၃ နှစ်အရွယ် မိခင်နဲ့ ၎င်းရဲ့ ဇနီးဟောင်းဖြစ်သူတို့နဲ့ ပြန်ဆုံခဲ့တာကို စိတ်လှုပ်ရှားဖွယ် တွေ့ခဲ့ရပါတယ်။ ဇန်ရဲ့ဇနီးဟောင်း Song Xiaonyu ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်မှာ ၎င်းတို့နှစ်ဦး ကွာရှင်းခြင်းမပြုမီ ဇန်နဲ့ သားနှစ်ဦးရရှိခဲ့ပါတယ်။ သူမက ဇန်နဲ့ကွာရှင်းခဲ့ပေမဲ့လည်း ခင်ပွန်ဟောင်းရဲ့ ပြစ်ဒဏ်အယူခံဝင်မှုမှာ ပါဝင်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
(Photo: Pear Video)
ဇန်ဟာ မှားယွင်းပြစ်ဒဏ်ချမှတ်ခံရမှုအတွက် လျော်ကြေးငွေရရှိမယ်လို့လည်း တရားရုံးက ပြောခဲ့ပါတယ်။ "လျော်ကြေးငွေပမာဏ အတိအကျကို ကျွန်တော့်အမှုသည်နဲ့ ညှိနှိုင်းသွားမှာပါ၊ နောက်ပြီး ဇန်ရဲ့အမှုမှာ မှားယွင်းပြစ်ဒဏ်စီရင်ခဲ့သူတွေကိုလည်း တာဝန်ခံမှုရှိဖို့အတွက် ကျွန်တော်တို့ ပြောသွားပါမယ်" လို့ ဇန်ရဲ့ရှေ့နေ ဝမ်ဖေးက China Daily သတင်းဌာနကို ပြောပါတယ်။
၁၉၉၃ ခုနှစ် အောက်တိုဘာလအတွင်း Jiangxi ပြည်နယ်မြို့တော် Nanchang မြို့ရဲ့ Jinxian ကောင်တီရှိ ကျေးရွာရေလှောင်ကန်အတွင်း သေဆုံးနေတဲ့ ယောက်ျားလေးနှစ်ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရာမှ ဇန်ရဲ့ဖြစ်ရပ်ဆိုး စတင်ခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ ယောက်ျားလေးနှစ်ဦးနဲ့ အိမ်နီးချင်းဖြစ်တဲ့ ဇန်ကို လူသတ်မှုကျူးလွန်သူအဖြစ် သံသယရှိခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။
(Photo: Jiangxi Court/WeChat)
ထို့နောက် ၁၉၉၅ ခုနှစ် ဇန်နဝါရီလမှာတော့ Nanchang မြို့ တရားရုံးက ဇန်ကို လူသတ်မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် ထောင်ထဲမှာ နှစ်နှစ်ကြာ အကျဥ်းကျခံရပြီးနောက်မှာ သေဒဏ်ကို ထောင်ဒဏ်တစ်သက်အဖြစ် ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ကြောင်း သိရပါတယ်။ ၂၀၁၉ ခုနှစ် မတ်လမှာ အထက်တရားရုံးက ဇန်ရဲ့အမှုကို ပြန်လည်စစ်ဆေးခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ် အောက်တိုဘာလမှာ ဖြစ်ပွားခဲ့တဲ့ ယောက်ျားလေးနှစ်ဦး အသတ်ခံရမှုမှ လူသတ်သမားကိုတော့ လက်ရှိအချိန်အထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။