အင်ဒိုနီးရှားနိုင်ငံမှ ကျေးရွာတစ်ရွာမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုထိန်းချုပ်ရေး ရွာခံများ နေအိမ်ပြင်ပသွားလာမှု ကန့်သတ်နိုင်ရန် စေတနာ့ဝန်ထမ်းတွေကို တစ္ဆေအသွင် ဝတ်ဆင်စေပြီး ခြောက်လှန့်တဲ့နည်းဖြင့် လုပ်ဆောင်ခဲ့ကြပါတယ်။
(Photo: Kesongo Hamlet/JP)
ဂျာဗားကျွန်းပေါ်ရှိ ကီပူးဟ်ကျေးရွာမှာ ပြီးခဲ့တဲ့လမှစပြီး ညအချိန် "pocong" တစ္ဆေအသွင် ဝတ်ဆင်ထားတဲ့ ကင်းသမားတွေ ဖြန့်ကျချထားခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှား ရှေးရိုးအစဥ်အလာတွေအရ အလောင်းကိုပတ်ထားတဲ့ အဝတ်စထဲမှာ ပိတ်မိနေတဲ့ သေဆုံးသူရဲ့ ဝိညာဥ်ကို "pocong" တစ္ဆေလို့ သိထားကြပါတယ်။
ကနဦးမှာ "pocong" တစ္ဆေပုံစံဖြင့် လူတွေကို ကြောက်လှန့်စေတဲ့ ရည်ရွယ်ချက်ဟာ ပြောင်းပြန်ဖြစ်ခဲ့သေးပြီး လူတွေက "pocong" တစ္ဆေအသွင် ဝတ်ဆင်ထားကြတဲ့ စေတနာဝန်ထမ်းတွေကို လိုက်ရှာရန် နေအိမ်အပြင်ထွက်လာခဲ့ကြတယ်လို့ Reuters သတင်းဌာနမှ သတင်းထောက်က ပြောပါတယ်။
(Photo: Reuters)
သို့သော် နောက်ပိုင်းမှာတော့ တစ္ဆေပုံစံဝတ်ဆင်ထားတဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ကို မထင်မှတ်တဲ့ နေရာတွေမှာ ဖြန့်ကျက်ချထားခဲ့ရာ ထိုအစီအစဥ်ရဲ့ ထိရောက်မှုအခြေအနေ တိုးတက်လာခဲ့ကြောင်း ဒေသခံတွေက ဆိုပါတယ်။ "pocong ပေါ်လာကတည်းက မိဘတွေနဲ့ ကလေးတွေ သူတို့အိမ်ကနေ မထွက်လာကြတော့ဘူး၊ ပြီးတော့ လူတွေလည်း ညနေခင်းတို့ ညဘက်တို့မှာ လမ်းတွေပေါ် စုဝေးနေကြတာ မရှိကြတော့ဘူး" လို့ ရွာခံတစ်ဦးဖြစ်သူ Karno Supadmo က Reuters ကို ပြောပါတယ်။
(Photo: Muhd Urabil Alias/Facebook)
ကီပူးဟ်ကျေးရွာမှာ "pocong" တစ္ဆေ အစီအစဥ်ကို ရွာခံ လူငယ်အုပ်စုက ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားမှာ ယမန်နေ့ (ဧပြီ ၁၃ ရက်) ညပိုင်းအထိ စာရင်းတွေအရ COVID-19 ကူးစက်ခံရသူ ၄,၅၅၇ ဦး စစ်ဆေးအတည်ပြုထားပြီး ၃၉၉ ဦး သေဆုံးခဲ့ကာ ပြန်လည်သက်သာသူ ၃၈၀ ဦးရှိခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ လက်ရှိအချိန်အထိ COVID-19 ကြောင့် သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်နေပါတယ်။
.