ဆော်ဒီအာရေဗျဟာ သူတို့ရဲ့ မဟာရည်မှန်းချက်တစ်ခုဖြစ်တဲ့ (၂၀၃၀) ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ခွင့် ကြိုးပမ်းမှုကနေ နှုတ်ထွက်ဖို့ စဥ်းစားနေကြောင်း သိရှိရပါတယ်။ ဆော်ဒီဟာ ဂရိ၊ အီဂျစ်တို့နဲ့အတူ (၂၀၃၀) ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း ဆော်ဒီတို့က လက်ရှိအချိန်မှာကတည်းက နာမည်ကျော်ထိပ်တန်း ကစားသမားတွေကို ငွေကြေးမက်လုံးပေးပြီး အာရှမြေကို လာရောက်ဖို့ ဆွဲဆောင်လျက်ရှိပါတယ်။ ရော်နယ်ဒိုကို ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ ဆော်ဒီတို့ဟာ လက်ရှိနွေမှာလည်း ဘန်ဇီမာ၊ ကန်တေ၊ နီဗက်စ်တို့လို ထိပ်တန်းကစားသမားတွေကို ထပ်မံခေါ်ယူထားပြီးဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဆော်ဒီနဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် ကြိုးစားမယ့် နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ဂရိက ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ခွင့် ကြိုးပမ်းမှုကနေ နှုတ်ထွက်ခဲ့ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဆော်ဒီတို့လည်း ဒီပြိုင်ပွဲကနေ နှုတ်ထွက်သွားဖွယ်ရှိကြောင်း ဂရိအခြေစိုက် သတင်းဌာနတွေက အသီးသီး ဖော်ပြခဲ့ပါတယ်။
ဒါက ဆော်ဒီအနေနဲ့ ဥရောပဘောလုံးလောကကို ယှဥ်ပြိုင်နိုင်ဖို့ ရည်မှန်းချက် ပြောင်းလဲသွားတာကြောင့် ဖြစ်နိုင်ကြောင်းလည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ပုံမှန်အားဖြင့် (၂၀၃၀) ကမ္ဘာ့ဖလားပြိုင်ပွဲကိုသာ ဆော်ဒီ၊ အီဂျစ်၊ ဂရိတို့ အိမ်ရှင်အဖြစ် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိမယ်ဆိုရင် ဆော်ဒီနိုင်ငံမှာ ပွဲတွေရဲ့ (၇၅) ရာခိုင်နှုန်းကို ကျင်းပသွားဖို့ စီစဥ်ထားကြောင်းလည်း သိရှိရပါတယ်။
ဒါ့အပြင် ဆော်ဒီမင်းသားလည်းဖြစ်၊ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ မိုဟာမက်ဘင်ဆာလ်မန်က ဂရိတို့အတွက် အားကစားကွင်း တည်ဆောက်မှုအတွက် ကျသင့်တဲ့စရိတ်တွေကိုပါ ကျခံပေးသွားဖို့အတွက် ကတိပေးထားကြောင်း သိရှိရပါတယ်။ လက်ရှိအချိန်မှာတော့ ဂရိက နှုတ်ထွက်သွားတာကြောင့် ဆော်ဒီတို့လည်း နောက်ထပ် (၇) နှစ်အကြာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ကြိုးပမ်းမှုကို ရုပ်သိမ်းသွားဖို့ စီစဥ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။