ကိုယ့်အခက်အခဲ ကိုယ်သာအသိဆုံးပါ။

ထက်ထက်မိုးဦးကတော့ ငယ်စဉ်အခါတုန်းက မိဘတွေအတူတူနေခွင့်မရခဲ့ပေမယ့်လည်း လက်ရှိမှာ ကျန်းမာရေးမကောင်းတဲ့ ဖခင်ဖြစ်သူကို ပြုစုပေးရင်း အတတ်နိုင်ဆုံးတော့ မိဘကျေးဇူး ဆပ်သွားမယ်လို့ ဆိုပါတယ်။ 

Photo: Htet Htet Moe Oo



ထက်ထက်မိုးဦးဟာ ငယ်ငယ်က မိဘတွေနဲ့ အတူနေခွင့်မရခဲ့ဘူးလို့ ဝမ်းနည်းစွာ ပြောပြလာပါတယ်။ အဖေ နဲ့ အတူမနေခဲ့ရပေမယ့်လည်း အခုချိန်မှာ ကျန်းမာရေး မကောင်းဖြစ်နေတဲ့ ဖခင်ဖြစ်သူကိုအနားမှာနေပြီး ပြုစုစောင့်ရှောက်ရင်း ကျေးဇူးဆပ်သွားမယ်လို့ Duwun ကနေ ပြောလာပါတယ်။ 

“ငယ်တုန်းကတော့ မိဘနဲ့ မနေရဘူး။ ဟိုလူ့နား ပြေးကပ်နေ၊ ဒီလူ့နား ပြေးကပ်နေ ရတယ်။ တစ်ခါတလေကျရင် အဖေ့ကိုလည်း စိတ်မကောင်းဘူး ငယ်ငယ်တုန်းကတော့ ပစ်ထားပြီးတော့ အခုကျတော့ အကုန်လုံးက ခါးစည်းပြီး ကိုယ်တစ်ယောက်တည်း ခံရတာဆိုတော့ စိတ်မကောင်းဘူး။သားသမီးတိုင်းကတော့ မိဘကျေးဇူး ဆပ်ရတာပဲ။ အကောင်းဆုံးတော့ ကိုယ်ဆပ်သွားမယ်။ အဖေဖြစ်ရင် ဘာပဲဖြစ်ဖြစ် အစွမ်းကုန် ကိုယ်မရ ရအောင် လုပ်ပေးမယ် ဆိုပြီးတော့ စိတ်အားတင်းပြီးတော့ နေနေတာပဲ။ စိတ်ဓာတ်ကတော့ အရမ်းကျတယ်။ လူတွေ ကြားထဲလည်း မသွားချင်ဘူး။ ကိုယ်ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ကိုယ်ပဲ သိတယ်။ ဘယ်သူမှ မသိဘူး” ဆိုပြီးတော့ ဇူလိုင် ၂၁ ရက်နေ့က ပြောခဲ့တာပါ။ 

Photo: Htet Htet Moe Oo

အနုပညာရှင်တွေအများကြီးရှိပေမယ့် ကိုယ့်ကျမှ အခက်အခဲတွေ ကြုံရလေသလားလို့တောင် တွေးမိတယ်လို့ ထက်ထက်မိုးဦးက ဆိုပါတယ်။ ဘဝမှာ ရှေ့ဆက်မလျှောက်ချင်လောက်တဲ့ အထိ စိတ်ဓာတ်တွေ ကျနေမိတယ်လို့ ထက်ထက်မိုးဦးက ဆက်လက် ပြောပြခဲ့တာပါ။ 

“ မင်းသမီးတွေလည်း အများကြီးပဲ ကိုယ့်လို နှလုံးခွဲရတယ်ဆိုတာ မရှိဘူး၊ ကိုယ့်လို လည်ပင်းခွဲ ရတဲ့သူ တွေလည်း မရှိဘူး။ ကျန်တဲ့ သူတွေလည်း ကိုယ့်လို ဗိုက်ကို အကြိမ်ကြိမ် ခွဲရတယ်ဆိုတာ မရှိဘူး။ သြော် .. ငါ့ကျမှ ဖြစ်ရလေသလားပေါ့နော်။ တစ်ခါတလေကျရင် လူ့ဘဝကြီးမှာ ရှေ့ဆက်မလျှောက်ချင်တော့ လောက်အောင် တွေးမိတယ်။ ဒီပိုက်ဆံ တစ်ခုတည်း ခက်ခဲတာ မဟုတ်ဘူး။ ကျန်တဲ့အရာတွေ အကုန်လုံးကလည်း အများကြီးပဲ ခက်ခဲတယ်။ ကိုယ်ဘယ်လောက် ကောင်းအောင်နေနေ၊ ဘာကြီးပဲ ပေးဆပ် ပေးဆပ် ဘယ်အရာကမှ အသိအမှတ်မပြုဘူး၊ အကောင်းမထင်ဘူး။ ဝမ်းလည်းနည်းတယ်၊ စိတ်ဓာတ်လည်း ကျတယ်”လို့ မီဒီယာတွေ အရှေ့မှာ သူမရဲ့ အကြောင်းတွေ ပြောပြရင်း မျက်ရည်ကျလာခဲ့ပါတယ်။ 

Photo: Htet Htet Moe Oo

ထက်ထက်မိုးဦး ဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမကတော့ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ သူ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က