မက်ဆာချူးဆက်နည်းပညာအင်စတီကျူ့ဒ်နဲ့ ဆွီဒင်က သုတေသနပညာရှင်တစ်စုဟာ အာရုံခံ Sensor တွေ သုံးထားတဲ့ ချည်ထည်တစ်မျိုးကို ဖန်တီးခဲ့ပါတယ်။
အဝတ်အစားတွေမှာ သုံးနိုင်မယ့် ဒီချည်မျှင်တွေကို OmniFibers လို့ နာမည်ပေးထားပြီး ဒီတစ်ပတ် တွက်ချက်မှုစနစ်ဆိုင်ရာ အစည်းအရုံးရဲ့ UI ဆော့ဖ်ဝဲနဲ့ နည်းပညာ အွန်လိုင်းကွန်ဖရင့်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ OmniFibers ချည်မျှင်တွေဟာ ဆွဲဆန့်တာ ၊ ဖိနှိပ်တာကို အာရုံခံစားနိုင်ပြီး တုန်ခါမှုနဲ့ ဖြစ်စေ ၊ ကွေးလိမ် ပြန့်ကားပြီး ဖြစ်စေ ပုံစံတစ်မျိုးမျိုးနဲ့ တုံပြန်နိုင်စွမ်းရှိပါတယ်။
နူးညံ့ပြီး စက်ရုပ်ဆန်တဲ့ ဒီချည်မျှင်မှာ အခေါင်းပေါက်ဗဟိုမြောင်းတစ်ခုပါပြီး အရည်ကြားခံတစ်ခုခု စီးကူးနိုင်မယ်လို့ ဆိုပါတယ်။ ဖိအားပေးထားတဲ့ လေရဲ့ အကူအညီနဲ့ အမျှင်တွေဟာ လိုသလို ကွေးတာ ၊ ဆန့်တာ ၊ လိမ်တာနဲ့ ခုန်တာမျိုး လုပ်ဆောင်နိုင်ပါတယ်။ သုတေသီတွေက OmniFiber တွေဟာ ကြွက်သားတု Artificial Muscles တွေလိုမျိုးဆန်ဆန် အလုပ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။
Artificial Muscle Fibers နည်းပညာမျိုးကို အရင်ကလည်း MIT မှာ လေ့လာဖော်ထုတ်ခဲ့ဖူးပါတယ်။ OmniFiberမှာ သူ့ရဲ့ပုံစံပြောင်းဖို့ အပူပေးစရာမလိုတာကြောင့် နောက်ပိုင်းမှာ လူပေါ်မှာ ဝတ်ဆင်နိုင်တဲ့ ထုတ်ကုန်အဖြစ် သုံးဖို့ အလားအလာပိုကောင်းလာပါတယ်။ ဒီချည်မျှင်မျိုး ထုတ်ဖို့အတွက်လည်း ဈေးမကြီးတဲ့ Materials တွေနဲ့ ထုတ်နိုင်သလို သီးသန့်အထည်ရက်လုပ်မှုနည်းပညာမျိုးလည်း မလိုဘူးလို့ ဆိုပါတယ်။
MIT သုတေသီတွေကတော့ ဒီချည်မျှင်တွေဟာ အားကစားသမားတွေနဲ့ အဆိုတော်တွေရဲ့ အသက်ရှုမှုကို ပိုကောင်းမွန်အောင် ထိန်းချုပ်နိုင်ဖို့ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ထားပါတယ်။ နောက်ထပ် စိတ်လှုပ်ရှားစရာတစ်ခုက OmniFiber ချည်ထည်တွေဟာ COVID-19 လို အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပြီးနောက် လူနာတွေကို သဘာဝအတိုင်း အသက်ရှုမှုပုံစံမှန်အောင် ကူညီပေးနိုင်ဖို့လည်း ယူဆထားပါတယ်။