ဧပြီလ ၇ ရက်ကနေ သင်္ကြန်ကာလအထိ ရဲလုံခြုံရေးအင်အားတိုးမြှင့်ထားပါတယ်။

COVID-19 ကို အကြောင်းပြုပြီး မျက်နှာဖုံးတပ် လုယက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ဧပြီလ ၇ ရက်ကစပြီး သင်္ကြန်ကာလအထိ ရဲလုံခြုံရေးအင်အားကို အထူးတိုးမြှင့်ဆောင်ရွက်မှာဖြစ်သလို ညပိုင်းအပြင် နေ့ခင်းပိုင်းတွေမှာလည်း ကင်းလှည့်တာတွေလုပ်မယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေသိရပါတယ်။

Photo- Yangon Police



အခုလို COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်းမှာလည်း မျက်နှာဖုံးတပ်ဟန်ဆောင်ပြီး လုယက်မှု၊ ဓါးပြတိုက်မှု တွေ ဖြစ်‌ပေါ်ခဲ့ပြီးနောက် တစ်နိုင်ငံလုံးမှာ ရဲလုံခြုံရေးအင်အားတွေ တိုးမြှင့်ဆောင်ရွက်နေရပါတယ်။

ရန်ကုန်မြို့မှာလည်း ညတိုင်းမှာ ရဲတပ်ဖွဲ့အင်အား အများအပြားနဲ့ ကင်းလှည့်မှုတွေ ဆက်တိုက်လုပ် ဆောင်နေပြီး အဓိကကတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကို အကြောင်းပြုပြီး မျက်နှာဖုံးတပ်ကာ ခိုးဆိုးလုနှိုက်မှု တွေမဖြစ်အောင်လို့ ဆောင်ရွက်နေတာဖြစ်တယ်လို့ လှည်းကူးမြို့နယ် စခန်းမှူး ဒု-ရဲမှူး ဦးမောင်ဦးက Duwunကို ပြောပါတယ်။

 “အဓိကကတော့ ခိုးဆိုးလုနှိုက်တွေ မဖြစ်လာအောင်ပါ၊အခုချိန်ကာလက ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေတဲ့ကာလမှာ မသမာသူတချို့က အခွင့်ကောင်းယူပြီး ဒုစရိုက်မှုတွေ ဖန်တီးပြီး ပြည်သူကို ခြိမ်းခြောက်လာမှာစိုးတဲ့အတွက် ကြို တင်ကာကွယ်မှုတွေကို လုပ်ဆောင်နေတာပါ။ဒီလိုလုပ်ဆောင်ရာမှာလည်း အရင်ကထက် ရဲတပ်ဖွဲ့အင်အားကို ပို အသုံးပြုပြီး လုပ်ဆောင်နေပါတယ်။”လို့ ဒု-ရဲမှူးဦးမောင်ဦးက ပြောပါတယ်။

ဒါ့အပြင် သင်္ကြန်ကာလအတွင်းမှာလည်း လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နိုင်အောင် စီစဉ်သွားမယ်လို့လည်း တနင်္သာရီတိုင်း‌‌‌ဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက Duwun ကိုပြောပြပါတယ်။

“တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လုံခြုံရေးကို အရင်ကထက်ပိုပြီး တိုးမြှင့်လုပ်ဆောင်နေပါပြီ၊ဧပြီ ၇ ရက်နေ့က စတင်ပြီး လုံခြုံရေးတွေကို အထူးတိုးမြှင့်လုပ်ဆောင်နေပါပြီ။ အရင်ကဆိုရင် ညပိုင်းတွေမှာပဲ ကင်းလှည့်မှုတွေ ပြု လုပ်ရာမှ အခုဆိုရင် နေ့ခင်းဖက်တွေလည်း ကင်းလှည့်မှုတွေ လုပ်ဆောင်နေပါပြီ။ သင်္ကြန်ကာလအတွက် အထူး အစီအစဉ် တွေကိုလည်း လာမယ့် တစ်ရက်နှစ်ရက်အတွင်း အသေးစိတ်သိရှိရဖို့ ရှိပါတယ်။အဲ့ဒီကျရင်လည်း သင်္ကြန် လုံခြုံရေးအစီအစဉ်ကို အသေးစိတ်သိနိုင်ပါမယ်။”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရန်ကုန်တိုင်းအတွင်း၂၄ နာရီဖွင့်တဲ့ ဆိုင်တွေကို သက်ဆိုင်ရာ မြို့နယ်အလိုက် ရပ်ကွက်တွေမှာ ည ၉ နာရီအထိသာ ဖွင့်ခွင့်ပေးတော့မှာဖြစ်ပြီး မလိုက်နာရင်တော့ ဥပဒေအရ အရေးယူဆောင်ရွက်မယ်လို့လည်း ညွန်ကြားထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က