လူငယ်တွေအနေနဲ့ ကူးစက်မှုအသစ် တားဆီးကာကွယ်ရေး ကူညီရန် ပါတီတက်ချင်မှုကို ထိန်းချုပ်ရမယ်လို့ ဆိုပါတယ်။

ကမ္ဘာတစ်ဝန်း အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြား လူငယ်များ COVID-19 ကူးစက်ခံရမှုဟာ ငါးလအတွင်း သုံးဆမြင့်တက်လာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organizatoin - WHO) က ပြောပါတယ်။

လူငယ်တွေလည်း ကူးစက်ခံရနိုင်ပါတယ်၊ လူငယ်တွေလည်း သေဆုံးနိုင်ပါတယ်၊ ပြီးတော့ လူငယ်တွေကနေ တခြားသူတွေဆီကို ကူးစက်နိုင်ပါတယ်


(Photo: Pixabay)

နိုက်ကလပ်နဲ့ ကမ်းခြေများသို့ သွားနေကြတဲ့ လူငယ်တွေဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုတွေ မြင့်တက်မှုမှာ အဓိကဖြစ်နေတယ်လို့ ဆိုပါတယ်။ WHO က ဖေဖေါ်ဝါရီ ၂၄ ရက်နဲ့ ဇူလိုင် ၁၂ ရက်ကြား ကူးစက်ခံရသူ ၆ သန်းကို စိစစ်လေ့လာခဲ့ရာမှာ အသက် ၁၅ နှစ်မှ ၂၄ နှစ်အရွယ် လူငယ်များပါဝင်မှုဟာ ၁၅ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ယခင် ၄.၅ ရာခိုင်နှုန်းမှ မြင့်တက်လာခဲ့တာ တွေ့ရပါတယ်။

COVID-19 ကူးစက်ခံရသူ ၅ သန်းနီးပါး တွေ့ရှိထားပြီး ကမ္ဘာတစ်ဝန်း ကူးစက်မှုအများဆုံး နိုင်ငံဖြစ်တဲ့ အမေရိကန်ကလွဲပြီး စပိန်၊ ဂျာမနီနဲ့ ပြင်သစ်အပါအဝင် ဥရောပနိုင်ငံများ၊ ဂျပန်ကဲ့သို့ အာရှနိုင်ငံများမှာ လတ်တလော တွေ့ရှိရတဲ့ နောက်ထပ် ကူးစက်ခံသူတွေအနက် အများအပြားဟာ လူငယ်များဖြစ်ကြောင်း သိရပါတယ်။

(WHO အကြီးအကဲ Tedros Adhanom Ghebreyesus) (Photo: AFP)

"ငယ်ရွယ်သူတွေက mask တပ်တာ၊ ခပ်ခွာခွာနေတာနဲ့ ပတ်သက်ပြီး သတိထားမှုနည်းတယ်" လို့ မာရီလန်းပြည်နယ် ဘာလ်တီမိုးရ်မြို့ရှိ Johns Hopkins ဆေးရုံမှ သူနာပြုအကြီးအကဲ Neysa Ernst က Reuters သတင်းဌာနကို ပြောပါတယ်။ "ခရီးသွားတာများလေ COVID-19 ကူးစက်ခံရနိုင်မှုနဲ့ ပျံနှံ့စေနိုင်မှု ပိုများလေပါပဲ၊ လူငယ်တွေက လူအများကြား အလုပ်လုပ်ဖို့သွားတာ၊ ကမ်းခြေ ဒါမှမဟုတ် ဘားဆိုင်သွားတာ၊ ဒါမှမဟုတ်လည်း ဈေးထွက်ဝယ်တာတွေ ပိုများပါတယ်" လို့လည်း သူမက ဖြည့်စွက် ပြောခဲ့ပါတယ်။

ကူးစက်မှုဒုတိယလှိုင်းလို့ ခေါ်ဝေါ်နေကြတဲ့ COVID-19 ကူးစက်မှုအသစ်တွေကြောင့် နိုင်ငံအချို့ဟာ ပိတ်ပင်ကန့်သတ်ချက်တွေ ပြန်လည်သတ်မှတ်ခဲ့ရပါတယ်။ ကမ္ဘာတစ်ဝန်းမှာ COVID-19 အတွက် ကာကွယ်ဆေးရရှိရန် အစွမ်းကုန် ကြိုးပမ်းနေကြပေမဲ့ လက်ရှိအချိန်အထိ အတည်ပြုထားတဲ့ ကာကွယ်ဆေး သို့မဟုတ် ထိရောက်တဲ့ ကုထုံးတစ်ရပ်လည်း မရှိသေးပါဘူး။

ခရီးသွားတာများလေ COVID-19 ကူးစက်ခံရနိုင်မှုနဲ့ ပျံနှံ့စေနိုင်မှု ပိုများလေပါပဲ

(Photo: Reuters)

ယမန်နှစ် ဒီဇင်ဘာလကုန်မှာ တရုတ်အလယ်ပိုင်း ဝူဟန်မြို့ကနေ စတင်တွေ့ခဲ့ရတဲ့ COVID-19 ကူးစက်ခံရသူ ကမ္ဘာတစ်ဝန်းမှာ လက်ရှိအချိန် ၁၈.၇ သန်းကျော်ရှိခဲ့ပြီး ၎င်းတို့အနက် ၇၀၀,၀၀၀ ကျော် သေဆုံးခဲ့ကြောင်းနဲ့ ပြန်လည်သက်သာသူ ၁၂ သန်းနီးပါးရှိကြောင်း သိရပါတယ်။ WHO က ဖေဖေါ်ဝါရီ ၂၄ ရက်နဲ့ ဇူလိုင် ၁၂ ရက်ကြား ကူးစက်ခံရသူတွေကို စိစစ်လေ့လာမှုအရ အသက် ၅ နှစ်မှ ၁၄ နှစ်အရွယ်တွေမှာလည်း ကူးစက်ခံရမှု ၄.၆ ရာခိုင်းနှုန်းခန့်ဖြစ်လာပြီး ယခင် ၀.၈ ရာခိုင်နှုန်းမှ မြင့်တက်လာတာ တွေ့ခဲ့ရပါတယ်။

"ကျွန်တော်တို့ အဲဒါကို အရင်တုန်းကလည်း ပြောခဲ့ဖူးပါတယ်၊ အခု အဲဒါကို ထပ်ပြောပါမယ်၊ လူငယ်တွေက ကိုဗစ် ကူးစက်မခံရနိုင်သူတွေ မဟုတ်ပါဘူး၊ လူငယ်တွေလည်း ကူးစက်ခံရနိုင်ပါတယ်၊ လူငယ်တွေလည်း သေဆုံးနိုင်ပါတယ်၊ ပြီးတော့ လူငယ်တွေကနေ တခြားသူတွေဆီကို ကူးစက်နိုင်ပါတယ်" လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဂျနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

(Photo: Reuters)

ဂျပန်နိုင်ငံ တိုကျိုမြို့မှာတော့ ညဘက် အသွားအလာများတဲ့ နေရာတွေမှာ COVID-19 စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့လအတွင်း တာဝန်ရှိသူတွေက ပြောထားပါတယ်။ နိုက်ကလပ်တွေကို လာရောက်သူများအတွက် လေဝင်လေထွက်ကောင်းရန် စီစဥ်ထားပြီး ကျယ်လောင်စွာ စကားပြောဆိုခြင်း တားမြစ်ထားရန်လည်း တာဝန်ရှိသူတွေက ညွှန်ကြားထားခဲ့ပါတယ်။ ဩဂုတ် ၅ ရက်နေ့မှာတော့ WHO တာဝန်ရှိသူတွေက လူငယ်တွေအနေနဲ့ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုအသစ် တားဆီးကာကွယ်ရေး ကူညီရန် ၎င်းတို့ရဲ့ ပါတီပွဲတက်ချင်မှုကို ထိန်းချုပ်ရမယ်လို့ ပြောခဲ့ပါတယ်။

ဒီပါတီပွဲကိုသွားဖို့ တစ်ကယ်လိုအပ်သလားလို့ ကိုယ့်ကိုယ်ကိုယ် မေးပါ

(ဒေါက်တာမိုက်ရိုင်ယန်) (Photo: Reuters)

"လူငယ်တွေမှာလည်း တာဝန်ရှိပြီး ပါဝင်ကူညီဖို့ လိုအပ်ပါတယ်၊ ငါ ဒီပါတီပွဲကိုသွားဖို့ တစ်ကယ်လိုအပ်သလားလို့ ကိုယ့်ကိုယ်ကိုယ် မေးပါ" လို့ ကလေးသုံးဦးရဲ့ဖခင် WHO အရေးပေါ်ဆိုင်ရာ အကြီးအကဲ ဒေါက်တာမိုက်ရိုင်ယန်က ပြောပါတယ်။ WHO ရုံးချုပ်တည်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာပင် အဆိုအကဖြင့် ဖျော်ဖြေတဲ့ စားသောက်ဆိုင်နေရာများနဲ့ နိုက်ကလပ်များကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပိတ်ခဲ့ပါတယ်။ ဂျနီဗာမြို့မှာ စစ်ဆေးတွေ့ရှိရတဲ့ COVID-19 ကူးစက်မှုအသစ်များအနက် ထက်ဝက်နီးပါးဟာ ထိုနေရာများမှဖြစ်ကြောင်း အထောက်အထားတွေ့ခဲ့ရပြီးနောက် ပိတ်ပင်စေခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က