လုပ်ငန်းခွင် ဝင်ရောက်တော့မယ့် လူငယ်တွေအတွက် ကိုယ်စိတ်ကူးပုံဖော်ထားတဲ့ အသက်မွေးဝမ်းကြောင်းဆီ သွားရာမှာ လိုအပ်တဲ့ အရည်အချင်းတွေနဲ့ ဖြည့်တင်းထားသင့်တဲ့ အရည်အသွေးတွေအကြောင်းကို ဒီဇင်ဘာ ၁၅ ရက်နေ့က ကျင်းပသွားတဲ့ Taste of Dream Profession ဆွေးနွေးပွဲကနေ အကြံပြုမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
Photo: Duwun Tech
Taste of Dream Profession အမည်နဲ့ ကျင်းပသွားခဲ့တဲ့ ဒီပွဲဟာ မျိုးဆက်သစ် လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရွေးချယ်ရာမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ Myanmar Youth Initiate (MYI) နဲ့ အလုပ်သင်ယဉ်ကျေးမှု အကောင်အထည်ဖော်နေတဲ့ Intern Pulus Myanmar တို့မှ ပူးပေါင်း စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
“ ကျွန်မတို့နိုင်ငံမှာ အလုပ်သင်ယဉ်ကျေးမှုက အများကြီး မဖွံ့ဖြိုးသေးတော့ လူငယ်တွေက စမ်းတဝါးဝါးနဲ့ ဘာလုပ်ရမှန်း မသိ ဖြစ်နေတာပေါ့နော်။ ဒီ Taste of Dream Profession မှာ လူငယ်တွေအနေနဲ့ ဘယ်အလုပ်ကတော့ ဘယ်လိုလည်ပတ်နေတယ် ၊ ဘယ်လိုမျိုး လုပ်ဆောင်နေတယ်ဆိုတာ သူတို့ရဲ့ Dream လေးကို taste လုပ်ပြီး မြည်းစမ်းလို့ရအောင် ကျွန်မတို့ ဒီပွဲမှာ ပူးပေါင်းပါဝင်တာပါ။” လို့ Intern Plus Myanmar ရဲ့ CEO မသူသူအောင်က ရှင်းပြပါတယ်။
Taste of Dream Profession ပွဲမှာ Senior Level အတွက် သိထားသင့်တဲ့ Skill Sets တွေအကြောင်း ခေါင်းစဉ်နဲ့ ပါမောက္ခဆရာဦးအေးကျော် ၊ မှန်ကန်တဲ့ အလုပ်အကိုင် ရွေးချယ်ခြင်း ခေါင်းစဉ်နဲ့ မ Laura Cho နဲ့ Change-Transform to Reform ခေါင်းစဉ်နဲ့ အန်တီဂရေ့စ် (ခေါ်) ဒေါ်ဆွေဇင်ထိုက်တို့က ဟောပြောခဲ့သလို အလုပ်ရုံဆွေးနွေးပွဲများလည်း မြိုင်မြိုင်ဆိုင်ဆိုင် ထည့်သွင်းကျင်းပခဲ့တာပါ။
Taste of Dream Profession ပွဲမှာ တက်ရောက်နားထောင်ခဲ့သူ လူငယ်ပေါင်း ၂၇၀ ကျော်ခန့် ရှိခဲ့ပြီး အလုပ်အကိုင် ရွေးချယ်ရာမှာ သိလိုရာများလည် အပြန်အလှန် အမေးအဖြေများ လုပ်ဆောင်ခဲ့ကြပါတယ်။