လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ လီဗာပူးကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဆာဒီယိုမာနေးဟာ အသင်းဟောင်းက ဝန်ထမ်းတွေအတွက် စိတ်လှုပ်ရှားစရာ လက်ဆောင်တွေ ပြန်လည်ပေးပို့ခဲ့တယ်လို့ သိရှိရပါတယ်။ မာနေးဟာ လီဗာပူးမှာ ကစားသမားဘဝ (၆) ရာသီကြာဖြတ်သန်းခဲ့ပြီး ဆုဖလားအောင်မြင်မှုအားလုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း စိန်ေါ်မှုအသစ်တွေအတွက် မာနေးက ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ မာနေးဟာ အသင်းနဲ့ လမ်းခွဲချိန်မှာ အသင်းတာဝန်ရှိသူတွေ၊ နည်းပြ၊ ကစားသမားတွေ၊ ပရိသတ်တွေနဲ့ ဆက်ဆံရေး နည်းနည်းလေးမှ မယိုယွင်းခဲ့ဘဲ ကောင်းသောခွဲခွာခြင်းနဲ့ ထွက်ခွာသွားခဲ့တာပါ။ ဒီလိုမျိုးထွက်ခွာသွားချိန်မှာလည်း အသင်းဟောင်း လီဗာပူးက ဝန်ထမ်းတွေအတွက် စိတ်လှုပ်ရှားစရာ လက်ဆောင်တွေကို မာနေးက ပေးပို့ခဲ့တယ်လို့ သိရှိရပါတယ်။
မာနေးဟာ ဝန်ထမ်းပေါင်း အယောက် (၁၅၀) အတွက် သူ့ရဲ့ပုံတူပါဝင်တဲ့ ချောကလက်၊ သူကိုယ်တိုင် လက်ရေးနဲ့ ရေးသားထားတဲ့ သီးသန့်ပို့စ်ကတ်တခုချင်းစီကို အထုပ်အပိုးပေါင်း (၁၅၀) သီးသန့်ထုပ်ပိုးပြီး လက်ဆောင်အဖြစ်ပေးပို့ခဲ့တာပါ။ မာနေးဟာ ဒီလိုမျိုး ပေးပို့တဲ့နေရာမှာ ဘယ်သူဘယ်ဝါရယ်လို့ ခွဲခြားခဲ့ခြင်းမရှိဘဲ သန့်ရှင်းရေးအမျိုးသမီးနဲ့ လုံခြုံရေးဝန်ထမ်းတွေအထိ တယောက်ချင်းစီအတွက် လက်ဆောင်ကို သီးသန့်စနစ်တကျ ပြင်ဆင်ပေးပို့ခဲ့တာဖြစ်ပါတယ်။
မာနေးရဲ့လုပ်ရပ်က တကယ်ကို လေးစားစရာဖြစ်ခဲ့ပြီး ပရိသတ်တွေကလည်း မာနေးရဲ့လုပ်ရပ်အပေါ် ချီးမွမ်းထောပနာပြုနေကြပါတယ်။ မာနေးဟာ ဘိုင်ယန်မြူးနစ်မှာလည်း အချိန်တိုအတွင်း အသင်းဖော်တွေ၊ ဝန်ထမ်းတွေရဲ့ ချစ်ခင်လေးစားမှုကိုရရှိခဲ့ပြီးဖြစ်ပါတယ်။ အာဖရိကအကောင်းဆုံးကစားသမားဆုကို ရရှိပြီး ပြန်လာတဲ့ မာနေးကို အသင်းဖော်တွေက မာနေးပုံပါဝင်တဲ့ဂုဏ်ပြုကိတ်မုန့်နဲ့အတူ မတ်တပ်ရပ်၊ လက်ခုပ်တီး ဂုဏ်ပြု ကြိုဆိုခဲ့ဖူးပါတယ်။
လီဗာပူးဟာ ဒီရာသီအဖွင့် ပရီးမီးယားလိဂ်နှစ်ပွဲ ကစားပြီးချိန်မှာ တပွဲမှမနိုင်သေးဘဲ နှစ်ပွဲကစား၊ နှစ်ပွဲသရေ၊ ရမှတ်နှစ်မှတ်သာရရှိထားပါတယ်။ အဲ့ဒါကြောင့်လည်း မာနေးကို လီဗာပူးပရိသတ်တွေက လွမ်းဆွတ်နေကြပြီး မာနေးရဲ့အခုလုပ်ရပ်ကိုကြားသိရချိန်မှာတော့ သူ့ကိုလွမ်းဆွတ်နေတဲ့ပရိသတ်တွေကို မျက်ရည်မဆည်နိုင်အောင်ပါဖြစ်စေခဲ့ပြီလို့ ဆိုနေကြပါတယ်။