ဖိလစ်ပိုင်နဲ့ ရုရှားမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိရေး အားထုတ်ဆောင်ရွက်မှုများအတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်လိုက်တာပါ

ဂျာနယ်လစ်တွေဖြစ်တဲ့ မာရီယာရက်စ်ဆာနဲ့ ဒီမီထရီမူရာတော့ဗ်တို့ကို ဖိလစ်ပိုင်နဲ့ ရုရှားမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိရေး ၎င်းတို့ရဲ့ အားထုတ်ဆောင်ရွက်မှုများအတွက် ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးအပ်ချီးမြှင့်ရန် ရွေးချယ်လိုက်ကြောင်း ဆုရွေးချယ်ရေးကော်မတီက ယနေ့ (အောက်တိုဘာ ၈ ရက်) ကြေညာပါတယ်။

(မာရီယာရက်စ်ဆာ) (Photo: Reuters)

ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နှစ်ဦးဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ရပ်တည်ကြတဲ့ ဂျာနယ်လစ်အားလုံးကို ကိုယ်စားပြုကြောင်းလည်း ကော်မတီကဆိုပါတယ်။ ဖိလစ်ပိုင်ဂျာနယ်လစ်နဲ့ Rappler သတင်းဝက်ဘ်ဆိုက် ပူးတွဲတည်ထောင်သူ ရက်စ်ဆာဟာ ဖိလစ်ပိုင်နိုင်ငံမှာ အာဏာအလွှဲသုံးမှု၊ အကြမ်းဖက်မှုနဲ့ အာဏာရှင်ဆန်လာတဲ့ အစိုးရနဲ့ ပတ်သက်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အသုံးပြုကာ အများသိအောင် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။



အမှန်တရားတွေမရှိတဲ့ ကမ္ဘာဟာ သစ္စာတရားနဲ့ ယုံကြည်မှုမရှိတဲ့ ကမ္ဘာပဲ

ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိကြောင်း ကြားသိရမှုအပေါ် အံ့ဩမိကြောင်း ရက်စ်ဆာက Rappler ဝက်ဘ်ဆိုက်က ထုတ်လွှင့်ခဲ့တဲ့ တိုက်ရိုက်တင်ဆက်မှုမှာ ဖွင့်ဟခဲ့ပါတယ်။ သူမရဲ့ နိုဘယ်ဆုရရှိမှုက "အမှန်တရားတွေမရှိရင် ဘာမျှမဖြစ်နိုင်ကြောင်း ... အမှန်တရားတွေမရှိတဲ့ ကမ္ဘာဟာ သစ္စာတရားနဲ့ ယုံကြည်မှုမရှိတဲ့ ကမ္ဘာပဲ" ဆိုတာ ပြသခဲ့တယ်လို့ ရက်စ်ဆာက ဆိုပါတယ်။

မိမိတို့ရဲ့ အမှုဆောင်အရာရှိချုပ် နိုဘယ်ဆုချီးမြှင့်ခံရမှုအတွက် ဂုဏ်ယူပြီး အံ့ဩမိကြောင်း Rappler က ထုတ်ပြန်ပါတယ်။ "ဂျာနယ်လစ်တွေနဲ့ အမှန်တရား တိုက်ခိုက်ခံနေရပြီး ယိုင်နဲ့နေတဲ့အချိန်ဟာ ကောင်းမွန်တဲ့အချိန် ဖြစ်မလာနိုင်ဘူး" လို့လည်း Rappler က ပြောထားပါတယ်။

(ဒီမီထရီမူရာတော့ဗ်) (Photo: AP)

ယခုနှစ် ငြိမ်ချမ်းရေးနိုဘယ်ဆုကို ရက်စ်ဆာနဲ့အတူ ပူးတွဲရရှိခဲ့သူကတော့ ရုရှားဂျာနယ်လစ်နဲ့ လွတ်လပ်တဲ့သတင်းစာ Novaya Gazeta ပူးတွဲတည်ထောင်သူ မူရာတော့ဗ် ဖြစ်ပါတယ်။ မူရာတော့ဗ်ဟာ ပိုမိုခက်ခဲတဲ့ အခြေအနေတွေများကြား ရုရှားမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဆယ်စုနှစ်များကြာ ကာကွယ်ခဲ့သူ ဖြစ်ပါတယ်။

ဖိနှိပ်ခံနေရတဲ့ ရုရှားသတင်းစာပညာအတွက် ဒဏ်ခတ်ခြင်းပဲ

နိုဘယ်ဆု ချီးမြှင့်ခံရမှုနဲ့ ပတ်သက်ပြီး မူရာတော့ဗ်က "ကျွန်တော် ရယ်နေမိတယ်ဗျ၊ လုံးဝ မမျှော်လင့်ထားပါဘူး၊ ရူးချင်စရာပဲ" လို့ ၎င်းရဲ့ အံ့ဩရမှုကို ဖွင့်ဟခဲ့ပါတယ်။ ၎င်းရရှိတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုက "အခု ဖိနှိပ်ခံနေရတဲ့ ရုရှားသတင်းစာပညာအတွက် ဒဏ်ခတ်ခြင်းပဲ" လို့ မူရာတော့ဗ်က ပြောပါတယ်။

(Illustrations: Niklas Elmehed)

နိုဘယ်ဆုတွေကို ဆွီဒင်လူမျိုး ဓာတုဗေဒပညာရှင် အဲလ်ဖရက်နိုဘယ်ရဲ့ သေတမ်းစာအရ ၁၉၀၁ ခုနှစ်မှစပြီး ရွေးချယ်ပေးအပ်လာခဲ့ပါတယ်။ နိုဘယ်ဆုအဖြစ် ပေးအပ်ချီးမြှင့်ရာမှာ ဆုံတံဆိပ်တစ်ခု၊ အသိအမှတ်ပြုလွှာနဲ့ ဆုကြေးငွေနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတို့ ပါရှိပြီး ဆုကြေးငွေဟာ ယခုအခါ အမေရိကန်ဒေါ်လာ ၁ သန်းကျော်ဖြစ်ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က