မန်စီးတီးနည်းပြ ဂွါဒီယိုလာက ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ဖိုင်နယ်ပွဲမတိုင်ခင်မှာ အသင်းအနေနဲ့ ချန်ပီယံဖြစ်ဖို့အတွက် ဘယ်လိုအာမခံချက်မျိုးမှမရှိကြောင်း၊ ပွဲတိုင်းကို လွယ်လွယ်လေးရှုံးသွားနိုင်တာကို သိထားကြောင်း ပြောကြားခဲ့ပါတယ်။ မန်ချက်စတာမြို့ခံနှစ်သင်းဟာ ဒီနေ့ညမှာ အက်ဖ်အေဖလား ဖိုင်နယ်အဖြစ် ရင်ဆိုင်ကစားရမှာပါ။
ဒီနှစ်သင်းဟာ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ နှစ်နှစ်ဆက်တိုက် ထိပ်တိုက်တွေ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ထိပ်တိုက်တွေ့ဆုံခဲ့တုန်းကလည်း မန်စီးတီးကပဲ အနိုင်ရဗိုလ်စွဲခဲ့ပြီး ဒီရာသီမှာလည်း မန်စီးတီးကပဲ ဗိုလ်စွဲဖို့ အပြတ်အသတ် ရေပန်းစားနေပါတယ်။
ဒီပွဲမတိုင်ခင် ဂွါဒီယိုလာက “ကျွန်တော့် ကစားသမားတွေကို အမြဲတမ်း ပြောဖြစ်တာက ငါတို့ ဘာတွေလုပ်ခဲ့လဲဆိုတာကို ပြန်ကြည့်ဖို့ဆိုတာပါပဲ။ ဖိုင်နယ်တွေကိုရောက်ဖို့ဆိုတာက အမြဲတမ်း ခက်ခဲပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ချွင်းချက်ဆိုတာ အမြဲတမ်းရှိပါတယ်။ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲတယ်ဆိုတာကိုလည်း ချွင်းချက်အဖြစ်ပဲ ခံစားပါတယ်”
“အက်ဖ်အေဖလားဗိုလ်လုပွဲကို ရောက်ဖို့က ခက်ခဲပါတယ်။ ဒါကို အာမခံချက်တစ်ခုအဖြစ် ကျွန်တော် မမှတ်ယူပါဘူး။ အဲ့ဒါကြောင့်လည်း မန်စီးတီးက အောင်မြင်နေတာပါ။ ကျွန်တော်တို့က ပြိုင်ဘက်တွေကို လေးစားမှုထားတယ်၊ ပွဲတိုင်းကို လွယ်လွယ်လေး ရှုံးသွားနိုင်တာကိုလည်း သိထားပါတယ်”
“တန်ဟက်ခ်က တစ်ရာသီလုံး အင်အားပြည့် မကစားခဲ့ရဘူးဆိုတာကို ကျွန်တော် သဘောတူပါတယ်။ သူ့မှာ ဒဏ်ရာပြဿနာတွေ အများကြီးရှိတယ်လေ။ ခင်ဗျားအနေနဲ့ ဗျူဟာတွေ အများကြီး ရှိနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားတွေမရှိရင် ဘာလုပ်နိုင်မှာလဲ။ ကစားသမားစာရင်းက အရမ်းကောင်းနေရင်တောင် သူတို့ကို မသုံးနိုင်ရင် ပြဿနာရှိတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။