ဘယ်လောက် အိပ်အိပ် အိပ်ရေးမဝဘူး၊ ဘယ်လောက်စားစား စားသလောက် မဝဘူးဆိုတာတွေ ဟာ နေထိုင်မှုပုံစံ နည်းစနစ်မမှန်ကန်မှုတွေကြောင့်ပါ။

အမျိုးသမီးတွေ ခုနောက်ပိုင်း ကြုံတွေ့ရတဲ့ အရာတစ်ခုကတော့ နေထိုင်စားသောက်မှုပုံစံ မမှန်တာတွေပါ။ အလုပ်တာဝန်တွေ ပိနေ၊ မိုးလင်းမိုးချုပ် အလုပ်နဲ့ အိမ်နဲ့ ပြေးလွှားနေရ၊ ကျောင်းတက်သင်တန်းတက်နဲ့ အလုပ်တွေရှုပ်နေရနဲ့ နေ့စဥ် အဆင်ပြေသလို ဖြတ်သန်းနေထိုင်နေရတာတွေ များလာတဲ့အခါမှာ ကိုယ့်ရဲ့ နေထိုင်မှုပုံစံဟာ မှန်သလား ၊ မှားသလားဆိုတာတွေကို ဝေဖန်ဆန်းစစ်မနေအားတော့တာမျိုးတွေ ဖြစ်လာပါတယ်။ ကိုယ်တိုင်က မသိသာပေမယ့်လည်း ခန္ဓာကိုယ်ကတော့ မှားယွင်းတဲ့ နေထိုင်မှုတွေကြောင့် ပင်ပန်းမှုတွေ၊ နွမ်းနယ်မှုတွေကို ခံစားလာရစေပါတယ်။ ဘာမှမလုပ်ဘဲ ပင်ပန်းနေတာ ၊ အိပ်ပေမယ့် အိပ်ရေးမဝတာ ဒါတွေက လွဲမှားနေတဲ့ နေထိုင်မှုပုံစံတွေကြောင့် ဖြစ်ပေါ်လာတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

စားသောက်မှုပုံစံ

ဒီဘက်ခေတ်မှာ အလုပ်တွေ ၊ ကျောင်းတွေနဲ့ အချိန်လုနေရတာဖြစ်တဲ့အတွက် များသောအားဖြင့် မနက်စာ၊ နေ့လည်စာ နဲ့ ညစာကို ဖြစ်သလို ဝယ်စားနေရတဲ့သူတွေများပါတယ်။ ငယ်ငယ်ကလို အိမ်ကချက်တဲ့ ထမင်းဟင်းကို စားရတာမျိုးမဟုတ်တော့ဘဲ အပြင်စာတွေကိုသာ အဆင်ပြေသလို စားသောက်နေရတဲ့သူတွေအတွက် စားသောက်မှုပုံစံဟာ မှန်ကန်နိုင်တော့မှာ မဟုတ်ပါဘူး။ ဘယ်လိုပဲ အပြင်စာတွေ ဝယ်စားနေရပါစေ…တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်တွေကို ပြည့်ပြည့်ဝဝစားသုံးဖို့ လိုအပ်ပါတယ်။ တစ်နေ့တာ ဗီတာမင်လိုအပ်ချက်တွေကတော့ ပရိုတင်း အသားဓာတ် ၊ ကာဗိုဟိုက်ဒြိတ် ၊ အသီးအရွက် ၊ ပဲ စတာတွေကို တစ်နေ့တာ ကို စားသုံးပေးသင့်ပါတယ်။ မနက်စာကိုလည်း မဖြစ်မနေစားသုံးဖို့ လိုအပ်ပါတယ်။

ညီမငယ် အိ‌‌န္ဒြေဦးကတော့ သူမရဲ့ လွဲမှားနေတဲ့လူနေမှုပုံစံကို ပြန်လည်ပြုပြင်ဖြစ်တဲ့အကြောင်းကို Duwun ကို ခုလိုပြောပြပါတယ်။

"ညီမကျန်ခဲ့တဲ့လအထိ တောက်လျှောက်ဆိုသလို ထမင်းများကြီးစားမိနေခဲ့တာ။ အဲ့ဒီကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် ဝနေတယ်လို့ခံစားမိလာရင် ချက်ချင်းကြီးအစားမစားတော့တာတို့ ဘာတို့လုပ်လေ့ရှိတယ်။ ပြီးရင်စိတ်ကြိုက်ပြန်စားလိုက်တာမျိုး။ ဒါပေမယ့် ရှေ့လထဲမှာ ဖေဖေဆုံးသွားတော့ အတွေးထဲမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်တာမျိုးပဲဖြစ်ချင်တော့တယ်။ ဘာအကြောင်းကြောင့်နဲ့မှ နေမကောင်းမဖြစ်ချင်တာသေချာတယ်လေ။ အရင်တုန်းကလို ချက်ချင်းကြီး အစားမစားတာတွေဘာတွေ မလုပ်မိတော့ဘူး။ အသီးအရွက်အစုံကို ဆီမပါဘဲ ပြုတ်တယ်ပြောရမလား(ကြော်တယ်ပြောရမလား) အဲဒါနဲ့ အသားငါးနဲ့ကြက်ဥ စားဖြစ်တယ်။ လေ့ကျင့်ခန်းလည်း လုပ်ဖြစ်တယ်။ လူက အရင်လတွေနဲ့တော့မတူတော့ဘူး။ ပေါ့ပေါ့ပါးပါးနဲ့ နေသာထိုင်သာရှိတယ်။ ဟိုအရင်တုန်းက ညဘက်တွေဆို TV Series နဲ့ Movies တွေကို တောက်လျောက်ကြည့်ဖြစ်နေတော့ တော်တော်နဲ့ မအိပ်မိဘူး။ ဖုန်းနဲ့ကြည့်တော့ပိုဆိုးတယ်။ screen ကြီးတာနဲ့ကြည့်ဖို့စဉ်းစားနေတာကြာပြီဆိုပေမယ့် မကြည့်ဖြစ်တာအခုထိပဲ။ ဆယ်ခါမှာတစ်ခါလောက်တော့ laptop နဲ့ကြည့်ဖြစ်ပါတယ်။"

လွဲမှားနေတဲ့ စားသောက်မှုပုံစံ

မနက်စာကို အသုပ်စား ၊ နေ့လည်စာ လက်ဖက်ထမင်းသုပ် ၊ ညနေ ဗိုက်စာချိန် အသုပ်ထွက်စားနေတဲ့သူတွေ တော်တော်များများရှိပါတယ်။ တချို့မိန်းကလေးတွေဆိုရင်လည်း အကင်ကြိုက်ကြတော့ အကင်တွေချည်း နေ့စဥ် တရားလွန်စားကြတာကို မြင်ဖူးပါတယ်။ ဒါတွေဟာ လွဲမှားတဲ့ စားသောက်မှုပုံစံပါ။ ကိုယ်ကြိုက်ရာကို ထပ်တလဲလဲ စားနေလို့မရပါဘူး။ မမျှတတဲ့ စားသောက်မှုပုံစံဟာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို ဒုက္ခပေးနိုင်ရုံသာမက စိတ်ပိုင်းဆိုင်ရာမှာလည်း အလိုမကျမှုတွေ ၊ အဆင်မပြေမှုတွေကို ခံစားရစေပါတယ်။ ဒါ့ကြောင့် အထက်ကဖော်ပြခဲ့သလို တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်တွေကို ပြည့်ဝအောင် စားသုံးပေးတဲ့အခါမှသာ စိတ်ရောကိုယ်ပါ ကျန်းမာတဲ့သူ ဖြစ်လာနိုင်မှာပါ။

လွဲမှားနေတဲ့ အိပ်စက်မှုပုံစံ

ဒီဘက်ခေတ်မှာ အွန်လိုင်းသုံးစွဲမှုဟာ စွဲလမ်းတဲ့ အဆင့်ထိရောက်ရှိနေကြပါပြီ၊ ညလုံးပေါက် အွန်လိုင်း သုံးစွဲနေပြီး ခဏတာလေး အိပ်စက်လိုက်တဲ့ သူတွေ ရှိနေပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ညှင်းပန်းနှိပ်စက်နေသလိုပါပဲ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို တစ်နေ့တာ အသုံးပြုစေခိုင်းပြီးပြီဆိုရင် အိပ်စက်ချိန်မှာလည်း ပြည့်ဝတဲ့ အိပ်စက်မှုမျိုးနဲ့ အနားယူဖို့ လိုအပ်ပါတယ်။

ရှေ့နေမလေး ဗျူးလာဦးကတော့ သူ့ရဲ့ နည်းစနစ်မှန်ကန်တဲ့ နေထိုင်မှုပုံစံအကြောင်းကို Duwun ကို ခုလိုပြောပြလာပါတယ်။



"မနက်ဆိုရင် ၇နာရီလောက် အိပ်ယာက ထလေ့ရှိတယ်။ မနက်မိုးလင်းတာနဲ့ ရေသောက်တယ်။ ပြီးမှ မနက်စာကို မဖြစ်မနေစားတယ်၊ တစ်နေ့လုံး သရေစာတို့ ၊ ကော်ဖီတို့ မစားဖြစ်မသောက်ဖြစ်ဘူး။ ရုံးသွားစရာရှိတာသွားတယ်။ ရုံးမှာလည်း နေ့လည်စာချိန်ကို ပုံမှန်အချိန်တိုင်းစားတယ်။ ရုံးကပြန်လာရင်တော့ Gym သွားတယ်။ ပြန်လာရင် အသီးတစ်မျိုးမျိုး မဖြစ်မနေစားတယ်။ ၁၂ နာရီလောက်ဆို အိပ်ပြီ။ အိပ်ချိန် တစ်နေ့ကို ၇နာရီလောက်တော့ ရှိတယ်။ ဗျူးက ကျန်းမာတဲ့နေထိုင်မှုပုံစံဆိုတာထက် မကျန်းမာစေတဲ့ အရာတွေ မလုပ်ဘူး။ အသီးအရွက်တွေ ၊ အသီးအနှံတွေ မပါမဖြစ်ပါအောင်စားတယ်။ ပြီးတော့ ဒိန်ချဥ်ကို နှစ်ရက်တစ်ခါလောက်တော့ သောက်ဖြစ်တယ်။ ဒါက ဗျူးရဲ့ တစ်နေ့တာ နေထိုင်မှုပုံစံပဲ။"

ပြည့်ဝတဲ့ အိပ်စက်ခြင်းဆိုတာဘာလဲ

ညကို ညဥ့်နက်မှ အိပ်ပြီး မနက်ကို နောက်ကျမှ ထတာဟာ ပြည့်ဝတဲ့ အိပ်စက်ခြင်းမဟုတ်ပါ။ ည ၁၂ နာရီကနေ နေ့လည် ၁၁ နာရီလောက်ထိ အိပ်တာကို အိပ်ရေးဝတယ်လို့ မခေါ်ပါဘူး။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ထဲက ဆဲလ်သစ်တွေ လဲလှယ်ချိန် အလုပ်လုပ်ချိန် ကို ချိန်ပြီး အကောင်းဆုံး အိပ်ချိန်ကတော့ ည ၁၀ နာရီကနေ မနက် ၆ နာရီအတွင်း ဖြစ်ပါတယ်။ အများအားဖြင့် ဆဲလ်တွေ မွေးဖွားချိန် ည ၁၀ နာရီကနေ ၂နာရီကို Beauty Sleep Time လို့ ခေါ်တဲ့ အချိန်မှာ နှစ်ခြိုက်စွာ အိပ်ပျော်နေဖို့ အရေးကြီးပါတယ်။ ဒါဟာ ကျန်းမာရေးတွက်သာမက အလှအပအတွက်ပါ အလွန်ကို အရေးကြီးပါတယ်။ ကျန်းမာရေးလည်း ကောင်းချင်တယ်၊ လှပနုပျိုချင်တယ်ဆိုရင်တော့ Beauty Sleep Timeမှာ အိပ်စက်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။

လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အရေးကြီးဆုံးကတော့ စားသောက်မှု နဲ့ အိပ်စက်မှုပါပဲ။ ဒီဘက်ခေတ်မှာ လူတိုင်းလွဲမှားနေတဲ့ နေထိုင်မှုပုံစံတွေထဲမှာ ဒီနှစ်ခုက ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။ နောက်ပိုင်းမှာ အမျိုးသမီးတွေလည်း ဆေးလိပ် အရက်တွေ သောက်စားမှုရှိလာကြတာဖြစ်တဲ့အတွက် ဆေးလိပ် ၊ အရက် နဲ့ မူးယစ်ဆေးဝါးတွေကလည်း ကျန်းမာရေးကို ထိခိုက်စေတာမို့ သတိထားပြီး ရှောင်ရှားစေချင်ပါတယ်၊ ဒီအချက်တွေကို သေချာလိုက်နာပြီး ပြောင်းလဲပြုပြင်နေထိုင်လိုက်မယ်ဆိုရင်တော့ လွဲမှားနေတဲ့ လူနေမှုပုံစံကနေ ပြန်လည်တည့်မတ်သွားပြီး ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အဆင်ပြေမှုတွေကိုပါ ရရှိစေနိုင်မှာ သေချာပါတယ်။

Share

Loading Next Article...
က္က