တပ်ကြီးကြီး အောင်မြတ်သူ အမည်ပါ သံသေတ္တာ နှစ်လုံးထဲကနေ သေနတ်ကျည်ဆံထောင်ချီဖမ်းဆီးရမှုနဲ့ ပတ်သက်တဲ့ အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၂ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဉ်ကတော့ စက်တင်ဘာ ၃၀ ရက်နေ့တုန်းက လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာ ရဲတခွန် အဝေးပြေးကားလက်မှတ် အရောင်းဆိုင်မှာ ငြိမ်းချမ်းအောင် ဆိုသူ အပ်နှံထားတဲ့ တပ်ကြပ်ကြီး အောင်မြတ်သူ အမည်နဲ့ သံသေတ္တာနှစ်လုံးထဲကနေ ၅.၅၆ ကျည် အမျိုးအစား ၉၅၀၄ တောင့်ဖမ်းဆီးရခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက် လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီးတော့ အဆိုပါဖြစ်စဉ်နဲ့ဆက်စပ်တဲ့ ဇော်ဇော်ထက်လူဆိုသူကို အောက်တိုဘာ ၁ ရက်နေ့မှာ စမ်းချောင်းမြို့နယ် မြေနီကုန်း ပြည်ဂါးဒင်းအိမ်ရာဝင်ပေါက်အနီးမှာ မာစီးဒီးယာဉ်နဲ့ အတူဖမ်းမိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဇော်ဇော်ထက်လူရဲ့ နေအိမ်ကို ဆက်လက်ရှာဖွေရာ သူ့ရဲ့ အိပ်ခန်းအတွင်းမှာ ထုပ်ထားတဲ့ S&B 7.65 Br 13 MM(.32 Auto)ကျည် ၁၀၀ တောင့်အား တွေ့ရှိခဲ့တာကြောင့် ဇော်ဇော်ထက်လူကို လှိုင်သာယာမြို့မ ရဲစခန်း(ပ)၃၆၉၁/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်စစ်ဆေးနေတယ်လို့သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သံသေတ္တာအပ်နှံထားသူ ငြိမ်းချမ်းအောင်ဆိုသူနဲ့ တပ်ကြပ်ကြီးအောင်မြတ်သူတို့ကို သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်းမရှိသေးဘူးလို့သိရပါတယ်။