ဒီကနေ့ မနက် (၉)နာရီကျော်လောက်က ရုတ်တရက်လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့မှုကြောင့် တာမွေမြို့နယ်မှာ ဓာတ်လှေကားအတွင်း လူပိတ်မိနေမှုဖြစ်ပွါးခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်၊ စက်မှုရတနာလမ်းရှိ တိုက်အမှတ် (၁၁၃) အခန်း (၈)ထပ်ရှိတဲ့ တိုက်ရဲ့ ၁လွှာနဲ့ ၃လွှာကြားမှာ ပိတ်မိနေခဲ့တာပါ။
ဓာတ်လှေကားထဲမှာ အမျိုးသား(၁)ဦးနဲ့ အမျိုးသမီး (၁)ဦးပိတ်မိနေခဲ့တာဖြစ်ပြီး တာမွေမီးသတ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ အချိန်မီကယ်တင်နိုင်ခဲ့ပါတယ်။
“ သတင်းရတာက ၉:၂၀ မိနစ်မှာရပြီး ရှာဖွေကယ်ဆယ်ရေးယာဉ်နဲ့ သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ပေးခဲ့တယ်။ အချိန်က သိပ်မကြာပါဘူး ၉:၃၈ မိနစ်အချိန်မှာကယ်ထုတ်နိုင်ခဲ့ပါတယ်။ အထဲမှာ နှစ်ယောက်ပါ။ နှစ်ယောက်လုံး အသက်ရှုကြပ်တာဘာညာမရှိဘူး။ ကျန်းမာရေးကောင်းပါတယ်” လို့ တာမွေမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
အဆိုပါတိုက်ခန်းနေထိုင်သူတွေအနေနဲ့ ဓာတ်လှေကားအသုံးပြုပြီး အတက်အဆင်းလုပ်တဲ့အချိန်မှာ လျှပ်စစ်မီးပြတ်တောက်သွားခြင်းကြောင့် အခုလိုပိတ်မိနေခဲ့တာဖြစ်ပါတယ်။
ကယ်ဆယ်ရေး အဖွဲ့အနေနဲ့ အချိန် (၁၈)မိနစ်ကြာ ကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ရပါတယ် ။
ဒီကနေ့ အောက်တိုဘာလ (၁၃)ရက်နေ့ မနက် (၉)နာရီကျော်လောက်မှာ ဓာတ်အားချို့ယွင်းမှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပွါးခဲ့ပြီး ရန်ကုန်အပါအဝင် တခြားမြို့ကြီးတွေဖြစ်တဲ့ မန္တလေး၊ နေပြည်တော်၊ မကွေးစတဲ့မြို့တွေမှာလည်း တစ်ပြိုင်နက်ထဲ မီးပျက်သွားခဲ့ပါတယ်။
နေပြည်တော်မှာ မီးပျက်ပြီး မိနစ် (၃၀) အကြာမှာ မီးပြန်လာကြောင်း သိရှိရပြီး မန္တလေးမြို့က တချို့မြို့နယ်တွေမှာလည်း မီးပြန်လည်ရရှိနေပြီလို့ သိရပေမဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ လက်ရှိ (၁၀)နာရီ မိနစ် (၅၀)အထိမီးပြန်လာခြင်းမရှိသေးပါဘူး။