Sony ကားတွေ ထွက်လာတော့

ကင်မရာနဲ့ ဖျော်ဖြေရေးနည်းပညာပိုင်း အင်အားကြီးကုမ္ပဏီတစ်ခုအဖြစ်ကနေ လျှပ်စစ်ကားကုမ္ပဏီတစ်ခုအဖြစ် Sony ကို မြင်တွေ့ရဖို့ ရှိပါတယ်။ 

ဂျပန်နည်းပညာကုမ္ပဏီ Sony ဟာ CES 2022 ပွဲမှာ Vision-S02 နာမည်နဲ့ Concept SUV ယာဉ်တစ်မျိုးကို မိတ်ဆက်ပြသခဲ့ပါတယ်။ Sony ဟာ ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့တဲ့ Vision-S EV ယာဉ်နဲ့အတူ Vision-S02 ကို စင်ပေါ်မှာ ယှဉ်ပြီး မိတ်ဆက်ခဲ့တာပါ။ ဒီတစ်ခေါက်မှာ ထူးခြားတာက Sony ဟာ လျှပ်စစ်ကားပိုင်းကို အဓိကထုတ်လုပ်သွားမယ့် Sony Mobility ဆိုတဲ့ ကုမ္ပဏီသစ်တစ်ခုကို စတင်ခဲ့တာ ဖြစ်ပါတယ်။ 






Sony Mobility ဆိုတဲ့ ကုမ္ပဏီအောက်မှာ ဈေးကွက်ဝင် လျှပ်စစ်ကားတွေ ထုတ်လုပ်ဖို့ ရှိတယ်လို့ ကုမ္ပဏီဥက္ကဌ ကန်နီရှီယို ယောရှီဒါက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

"ကျွန်တော်တို့ရဲ့ ပုံရိပ်နဲ့ အာရုံခံနည်းပညာ ၊ Cloud ၊ 5G နဲ့ ဖျော်ဖြေရေးနည်းပညာပိုင်းတွေကို ကျွန်တော်တို့ရဲ့ content ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေပေါင်းစပ်ပြီး Sony ဟာ ဖန်တီးအားကောင်းတဲ့ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုအဖြစ်ကနေ ယာဉ်ပိုင်းကို ကောင်းကောင်းမွန်မွန် ရပ်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်"လို့ ယောရှီဒါက ဆိုပါတယ်။

Sony Vision-S02 ကားဟာ ခရီးသည် ၇ ဦးအထိ လိုက်ပါနိုင်ပြီး အရွယ်အစားအနေနဲ့ Tesla Model Y ယာဉ်နဲ့ ဆင်ပါတယ်။ Motor နှစ်လုံးတပ် လေးဘီးယက်ကားအမျိုးအစား ဖြစ်ပြီး မြင်းကောင်ရေ ၅၃၆ ကောင်အားရှိမယ်လို့ ဆိုပါတယ်။ ဘက်ထရီနဲ့ သွားနိုင်တဲ့ နှုန်းတော့ ကုမ္ပဏီဘက်က ကြေညာခြင်း မရှိသေးပါဘူး။ Tesla Model Y ကားမှာတော့ အားအပြည့်သွင်းထားချိန် မိုင်ပေါင်း ၃၃၀ အထိ မောင်းနှင်နိုင်ပါတယ်။ 

Photo: slashgear

အတွင်းခန်းဒီဇိုင်းဟာ အရင်နှစ် CES ပွဲမှာ မြင်ခဲ့ရတဲ့ Vision-S နဲ့ ဆင်ပြီး နောက်ခန်း ခရီးသည်တွေအတွက်လည်း Screen အကြီးစားတွေ တပ်ဆင်ထားလို့ ကားစီးရင် PlayStation ဂိမ်းတွေကို အိမ်က ဂိမ်းစက်နဲ့ အဝေးကနေ ချိတ်ဆက်ပြီး ကစားနိုင်မယ်လို့ ဆိုပါတယ်။ Vision-S01 ဆီဒင်ကားသုံးပြီး ဥရောပလမ်းတွေပေါ်မှာ Level 2 အဆင့် ယာဉ်မောင်းအကူစနစ်တွေကို Sony ဟာ စမ်းသပ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က