ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ဟာ Automotive စီးပွားရေးလောကထဲမှာ ခြေဆန့်လာပြီ ဖြစ်ပါတယ်။
Xiaomi Community သုံးစွဲသူတစ်ဦးဖြစ်တဲ့ Mo Fei ဆိုသူဖန်တီးထားတဲ့ Xiaomi ရဲ့ လျှပ်စစ်ကား M1 ကို ပုံဖော်ထားတဲ့ ဒီဇိုင်းဟာ လူမှုကွန်ရက်ပေါ် ရောက်လာခဲ့ပါတယ်။ render ပုံအရ Xiaomi Electric ကား M1 ဟာ ရိုးရှင်းပြီး စတိုင်ကျ သပ်ရပ်တဲ့ဘော်ဒီ ဒီဇိုင်း သုံးထားတာ တွေ့ရပါတယ်။ ကားဘီးတွေမှာလည်း တခြားကားတွေနဲ့ မတူဘဲ ကွဲပြားတဲ့ texture ဖောက်ထားပါတယ်။
Photo: gizchina
အချက်အလက်တွေအရ Xiaomi M1 လျှပ်စစ်ကားဟာ ကားအတွက် သီးသန့် ရေးထားတဲ့ MIUI For Car System နဲ့ လာဖို့ ရှိပါတယ်။ ဒီ system ဟာ ကားကို ဉာဏ်ရည်မြင့် ထိန်းချုပ်မှုလုပ်တာ ၊ လူမလိုဘဲ ယာဉ်မောင်းနှင်မှုကို အလိုအလျောက် ကူညီတာမျိုးတွေ ဆောင်ရွက်ပေးမှာပါ။ ဒါ့အပြင် Xiao Ai Voice Assistant အသံအကူနည်းပညာနဲ့ သုံးဖက်မြင် အကြီးစား Holographic ဗဟိုထိန်းချုပ်စင်တာတစ်ခုလည်း ထည့်သွင်းသွားဖို့ ရှိပါတယ်။
ကားအားသွင်းဖို့ ၅ မိနစ်ခန့် ကြာမြင့်ပြီး ဘက်ထရီအားဟာ ကီလိုမီတာ ၁၀၀၀ (၆၂၁ မိုင်ခန့်) အထိ သွားနိုင်မယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ Xiaomi M1 ဟာ နာမည်ကြီး အမေရိကန်လျှပ်စစ်ကားကုမ္ပဏီ Tesla ကို ယှဉ်ပြိုင်သွားမယ့် ထုတ်ကုန်တစ်ခုဖြစ်လာဖို့ ရှိပါတယ်။ Xiaomi ရဲ့ ပြိုင်ဘက် စမတ်ဖုန်းကုမ္ပဏီ Apple အနေနဲ့လည်း Apple Car တွေ ထုတ်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားပေမယ့် အခုထိ ပြောလောက်တဲ့ တိုးတက်မှုမရှိသေးပါဘူး။
Photo: autoevolution
Xiaomi ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်ကတည်းက တရုတ်ကားကုမ္ပဏီ Bestune FAW Group နဲ့ မိတ်ဖက်ပြုပူးပေါင်းပြီး Bestune T77 SUV ကို ပုံစံပြောင်းထားတဲ့ Xiaomi Redmi Car ကို ကြေညာခဲ့တဲ့ စမတ်ဖုန်းကုမ္ပဏီလည်း ဖြစ်ပါတယ်။ ကားတွေအပြင် Xiaomi ကနေ e-Bike တွေပါ ထုတ်ထားပါတယ်။ ဒီနှစ် စက်တင်ဘာ ၁ ရက်နေ့မှာ Xiaomi ဟာ Xiaomi Motors Co.,Ltd နာမည်နဲ့ ကားကုမ္ပဏီတစ်ခုကို လုပ်ငန်းမှတ်ပုံတင်ထားပြီး ယွမ် ၁၀ ဘီလျံ (ဒေါ်လာ ၁.၅၅ ဘီလျံ) ရင်းနှီးထည့်ဝင်ထားတယ်လို့ ကြေညာခဲ့ပါတယ်။