ကာဗွန်လျှော့ချရေးအတွက် ကားကုမ္ပဏီတွေ လျှပ်စစ်ကားထုတ်လုပ်ရေးပိုင်းကို အာရုံစိုက်လာချိန်မှာ ကားအားသွင်းနည်းပညာလည်း တိုးတက်အောင် ကြံဆလာကြပြီ ဖြစ်ပါတယ်။
အင်ဒီယားနားပြည်နယ် Purdue University မှ အင်ဂျင်နီယာတွေရဲ့ ကြိုးပမ်းမှုကြောင့် လျှပ်စစ်ကားတွေကို ၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ့် နည်းပညာ ထွက်ပေါ်လာပြီလို့လည်း တက္ကသိုလ်ရဲ့ သတင်းခန်းမှာ ဖော်ပြထားပါတယ်။ Purdue University အင်ဂျင်နီယာတွေဟာ ဓါတ်ဆီကားတစ်စီး အားသွင်းစာအချိန်ပိုင်းနဲ့တင် လျှပ်စစ်ကားတစ်စီးကို အားအပြည့်သွင်းနိုင်မယ့် Charging Station Cable သစ် တီထွင်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနေ့ခေတ် Chargers တွေဟာ အပူလွန်ကဲမှုအန္တရာယ်ကြောင့် လျှပ်စစ်ကား EV တစ်စီးရဲ့ ဘက်ထရီအမြန်အားသွင်းမှုကို ကန့်သတ်ထားကြတာပါ။ EV ကားတစ်စီးကို ပိုမြန်မြန် အားသွင်းချိန်မှာ အားသွင်းကြိုးတလျှောက် လျှပ်စစ်စီးကူးမှု မြင့်လာပြီး အပူပမာဏလည်း ပိုများလာတတ်ပါတယ်။ Charging Cable အလုပ်ဆက်လပ်နိုင်ဖို့ အပူတွေကို ဖယ်ရှားရပါတယ်။ လက်ရှိသုံးနေတဲ့ Chargers တွေထဲက အအေးပေးစနစ်ကလည်း အဲ့ဒီလောက် အပူတွေ ဖယ်ရှားရုံပဲ တတ်နိုင်ပါတယ်။
Purdue သုတေသနပညာရှင်တွေ ဒီဇိုင်းထုတ်ထားတဲ့ Charging Cable ဟာ ဈေးကွက်ထဲက အမြန်ဆုံးဆိုတဲ့ Tesla Super Charger Cables တွေထက် လျှပ်စစ်စီးကူးမှု ၄.၆ ဆ ပိုများပြီး အပူဖယ်ရှားမှုလည်း 24.22KW အထိ ရှိတယ်လို့ ဆိုပါတယ်။ Purdue အင်ဂျင်နီယာတွေရဲ့ နည်းပညာသစ်ဟာ Cable ထဲမှာ ဝိုင်ယာကြိုးပေါ်ကနေ အရည်စီးကူးမှု သွားတာ ဖြစ်ပြီး အရည်မှာ အပူတက်လာတာနဲ့ Cable ထဲမှာပဲ အငွေ့ပျံသွားအောင် လုပ်ထားတာ ဖြစ်ပါတယ်။
Photo: purdue
လက်ရှိ လျှပ်စစ်ကားအားသွင်းမှု ကြာချိန်ဟာ အဝေးပြေးလမ်းအားသွင်းရုံတွေမှာ မိနစ် ၂၀ ကြာပြီး အိမ်သုံး Charging Station နဲ့ဆို နာရီပေါင်းများစွာ ကြာနိုင်ပါတယ်။ အားသွင်းရုံမှာ စောင့်ဆိုင်းရတဲ့အချိန်ကလည်း လျှပ်စစ်ကားပိုင်ရှင်တွေရဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ Purdue တက္ကသိုလ်အင်ဂျင်နီယာတွေရဲ့ အားသွင်းနည်းပညာသစ်ဟာ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အဖြေဖြစ်လာမှာပါ။
ဒီပရောဂျက်အတွက် Purdue နဲ့ Ford Motor တို့ ပူးပေါင်းထားတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးမှုအဖွဲ့တစ်ခုကနေ တီထွင်လိုက်တာ ဖြစ်ပါတယ်။ Charging Cable အားသွင်းနည်းပညာသစ်ကိုလည်း မူပိုင်ခွင့်တင်ထားတယ်လို့ ဆိုပါတယ်။ Ford ကတော့ ဒီနည်းပညာဟာ ဈေဂကွက်ထဲ နှစ်နှစ်ကျော်အတွင်း ဝင်ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။