ကျေးရွာဆေးပေးခန်းမှ ဝန်ထမ်းများ ပြောင်းရွှေ့နေထိုင်နေရပါတယ်။
မဒါန်းရေပူချောင်းက မဒါန်းချောင်းနဲ့ ရေပူချောင်း နှစ်ချောင်းပေါင်းပြီးစီးဆင်းတာကြောင့် ရေစီးသန်ပြီး ကမ်းပါးများပြိုကျလျက်ရှိကာ ချောင်းနဲ့ကပ်လျှက် အန္တရာယ်ရှိတဲ့ လမ်းတွေကိုသွားလာခွင့်ပိတ်ပင်ထားပါတယ်လို့သိရပါတယ်။

photo-မီးသတ်ဦးစီးဌာန

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပုတ်ပင်ကျေးရွာနဲ့ ကျေးတန်းကူကျေးရွာချင်းဆက်လမ်းနဲ့ ကပ်လျှက်ရှိတဲ့ မဒါန်းရေပူချောင်းဟာ တောင်ကျရေကြောင့်ရေစီးသန်လျှက်ရှိနေပြီး ကမ်းပါးများပြိုကျလျက်ရှိနေတယ်လို့ သိရပါတယ်။

“ လယ်ဝေးမြို့မှာ မိုးသည်းထန်ရွာတာက (၁၇)ရက်နေ့လောက်ကတည်းက ဒီနေ့ထိ ရွာလိုက်တိတ်လိုက်နဲ့ပဲ။ လယ်ဝေးမြို့နယ် သစ်ပုတ်ပင်ကျေးရွာနားမှာ ရှိတဲ့ မဒါန်းရေပူချောင်းက မဒါန်းချောင်းနဲ့ ရေပူချောင်း နှစ်ချောင်းပေါင်းပြီးတော့ မဒါန်းရေပူချောင်းလို့ခေါ်တာ။ တောင်ကျရေနဲ့အတူ ချောင်းနှစ်ချာင်းပေါင်းပြီးစီးဆင်းတဲ့ ရေဆိုတော့ ရေစီးသန်ပြီး ကမ်းပါးတွေတဖြည်းဖြည်းပြိုကျနေတာ။ချောင်းက ကျေးရွာချင်းဆက်လမ်းနဲ့ ကပ်လျှက်ဆိုတော့ သစ်ပုတ်ပင်ကျေးရွာနဲ့ကျေးတန်ကူကျေးရွာကို ဆက်ထားတဲ့လမ်းက ရေနောက်ပါသွားပြီ။ အခုလည်း ချောင်းဘေးကပ်လျှက်မှာရှိတဲ့ ကျေးလက်ကျန်းမာရေးအဆောက်အဦက ဆေးဝါးပစ္စည်းတွေကိုလည်းပြောင်းရွှေ့ထားတယ်၊ ဝန်ထမ်းတွေလည်းပြောင်းရွှေ့နေထိုင်နေထိုင်နေရတယ်” လို့ လယ်ဝေးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကောင်းမြတ်နောင်က Duwun ကိုပြောပါတယ်။

photo-မီးသတ်ဦးစီးဌာန

သစ်ပုတ်ပင်ကျေးရွာနဲ့ကျေးတန်းကူကျေးရွာချင်းဆက်လမ်းဟာ ကမ်းပါးပြိုကျမှုကြောင့်ပါသွားတဲ့အတွက် ရွာသားတွေက လယ်ကွင်းတွေထဲကနေဖြတ်ပြီး သွားလာနေရတယ်လို့ သိရပါတယ်။ ချောင်းက အမြင့်ပေ (၁၅) ပေလောက်ရှိပြီး လက်ရှိမှာတော့ ချောင်းနဲ့ကပ်လျှက် အန္တရာယ်ရှိတဲ့ လမ်းတွေကို သွားလာခွင့်ပိတ်ပင်ထားပါတယ်။ လူနေအိမ်တွေကတော့ ချောင်းနဲ့အလှမ်းဝေးတဲ့အတွက် လက်ရှိအချိန်ထိတော့ စိုးရိမ်စရာမရှိသေးဘူးလို့ ဦးကောင်းမြတ်နောင်က ပြောပါတယ်။ မဒါန်းရေပူချောင်းဟာ နှစ်စဉ်မိုးရာသီကာလရောက်တိုင်း ကမ်းပါးပြိုကျမှုကြောင့် ချောင်းက တဖြည်းဖြည်း ကျယ်ဝန်းလာလျှက်ရှိတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က