လယ်ယာမြေသိမ်းဆည်းခံရတဲ့ လယ်သမားတွေဆီက တောင်းခံခဲ့တာပါ။

ရေးမြို့နယ်က သိမ်းဆည်းခံလယ်ယာမြေတွေကို မူလပိုင်ရှင်လယ်သမားတွေကပြန်လည်ရရှိရေးအတွက် ဆောင်ရွက်ရာမှာ ရေးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းအောင်က တစ်ဧကကို ငွေကျပ်(၁)သိန်းပေးမှ လယ်ယာမြေတွေပြန်ရမည်ဟုဆိုကာ လယ်သမားတွေဆီက ငွေကျပ်သိန်း(၂၀၀)ကိုတောင်းခံခဲ့တာဖြစ်ပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စုမှာ တပ်မတော်က ပြန်လည်စွန့်လွတ်ခဲ့တဲ့ သိမ်းဆည်းခံလယ်ယာမြေများကို မူလပိုင်ရှင်လယ်သမားတွေက ပြန်လည်ရရှိရေးအတွက်ဆောင်ရွက်ခဲ့ရာမှာ လယ်သမားတွေဆီက ငွေကြေးတောင်းခံခဲ့တဲ့ ရေးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းအောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်အရေးယူထားပါတယ်။

ဦးဝင်းအောင်က လယ်သမားတွေဆီက တစ်ဧကကို (၁)သိန်းနှုန်းပေးမှ လယ်ယာမြေတွေကို ပြန်ပေးမယ်ဆိုပြီး ငွေကျပ်သိန်း(၅၀)ကို လက်ခံရရှိထားတာဖြစ်ပါတယ်။

အဆိုပါငွေတောင်းခံခဲ့မှုနဲ့ပတ်သက်ပြီး ဦးဝင်းအောင်ကို အဂတိလိုက်စားမှုနဲ့ အရေးယူပေးပါရန် တိုင်ကြားလာမှုကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးခဲ့ရာမှာ ဦးဝင်းအောင်ဟာ လယ်ပိုင်ရှင်များမြေယာတွေပြန်ရရှိရေးအတွက် လယ်ပိုင်ရှင် (၁၄)ဦးထံမှ ငွေကျပ်သိန်း(၂၀၀)တောင်းခံခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

အဆိုပါ သိန်း(၂၀၀)ကို ပထမအကြိမ် ငွေကျပ်(၂၅)သိန်းနဲ့ ဒုတိယအကြိမ် ငွေကျပ်(၂၅)သိန်း စုစုပေါင်း သိန်း(၅၀)ကို လက်ခံရရှိထားပြီးဖြစ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၆)နဲ့ ရေးမြို့နယ်ရဲစခန်းမှာ ဒီကနေ့ ဒီဇင်ဘာလ(၂)ရက်နေ့က အမှုဖွင့်အရေးယူခဲ့ပါတယ်။ 

Share

Loading Next Article...
က္က