သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အလိုက် စက်မှုလယ်ယာနဲ့ပတ်သက်ပြီး သင်တန်းတွေဖွင့်ပေးဖို့လိုသလို၊စက်မှု ပစ္စည်းတွေ ရောင်းချချိန်ကတည်းက အသုံးပြုပုံကို တစ်ခါတည်း သင်ပေးသင့်ကြောင်းလည်း အတိုင်ပင်ခံက အကြံပြုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိက အသက်သွေးကြောလို့ သတ်မှတ်ရတဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ကျွမ်းကျင်လုပ်သား ရှားပါးနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြုလုပ်ခဲ့တဲ့ COVID-19နဲ့ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍအပေါ် သက်ရောက်မှုနှင့်ပတ်သက်ပြီး အွန်လိုင်းဆွေးနွေးမှုမှာ သုံးသပ်သွားပါတယ်။
ဧရာဝတီတိုင်းဒေသကြီးက စိုက်ပျိုးရေး ထူးချွန်ဆုရ တောင်သူ ဒေါ်ကျင်ဆိုင်က ထွန်ယက်စက်ပစ္စည်းတွေ အသုံးပြုဖို့ ကျွမ်းကျင်လုပ်သားမရှိတဲ့အတွက် အခြား တိုင်းနှင့်ပြည်နယ်တွေက အငှားခေါ်ယူရတဲ့ ပြဿနာနဲ့ ကိုဗစ်ကာလမှာ ခေါ်လို့မရတော့တဲ့ ပြဿနာတွေကို တင်ပြခဲ့တဲ့အပေါ်မှာ အတိုင်ပင်ခံက အခုလို သုံးသပ်ခဲ့တာပါ။
ဒေါ်ကျင်ဆိုင်ရဲ့ တင်ပြချက်မှာဆိုရင် ထွန်စက်ကို မောင်းနှင်ဖို့ ကျွမ်းကျင်ပညာရှင်မရှိတဲ့အတွက် ကျွမ်းကျင်သူတွေကိုအခြားနယ်ကခေါ်ယူခဲ့ရသလို နယ်ခံမဟုတ်တဲ့အတွက် အဆင်မပြေဖြစ်ရတဲ့အခြေအနေပါဝင်ခဲ့ပါတယ်။
ဒီအပေါ်မှာတော့ “လယ်ယာကဏ္ဍမှာ သယ်ယူပို့ဆောင်ရေးအခက်အခဲရှိသလို ကျွမ်းကျင်အလုပ်သမားတွေ မရှိတဲ့ကိစ္စကလည်း ပြဿနာတစ်ခုပါ။ ဒါကြောင့် အနာဂတ်အတွက် ကျွမ်းကျင်လုပ်သား တွေဖော်ထုတ်ရမယ်၊ တစ်ခုရှိတာက လယ်ယာထွန်စက် ရောင်းလိုက်ပြီဆိုရင် ဒီစက်ကို တစ်ခါတည်း သင်တန်းပေးနိုင်အောင် လုပ်ရမယ်။နောက်ပြီး တိုင်းနှင့်ပြည်နယ် အသီးသီးမှာ သင်တန်းတွေ လုပ်ပေးရမယ်။”လို့ အတိုင်ပင်ခံက စက်မှုလယ်ယာသုံးပစ္စည်းတွေ နဲ့ ပတ်သက်ပြီး လုပ်ဆောင်သင့်တာကို အကြံပြု သုံးသပ်ပေးခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း ကိုဗစ်ကာလမှာ ပြန်လာတဲ့ ပြည်တော်ပြန်တွေထဲမှာ လယ်ယာကဏ္ဍနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေ ရှိနေနိုင်ပြီး ရှာဖွေဖော်ထုတ်ကာ မိမိနိုင်ငံမှာပဲ အသက်မွေးနိုင်အောင် လုပ်ဆောင်ပေးသင့် တယ်လို့လည်း သုံးသပ်ပြောပါသေးတယ်။
“ပြည်တော်ပြန်တွေထဲမှာ ကျွမ်းကျင်ပညာရှင်တွေ ရှိနေနိုင်ပါတယ်။သူတို့ကို ဖြစ်နိုင်ရင် နိုင်ငံခြားမှာ မလုပ်စေချင် တော့ပဲ ဟိုကရလာတဲ့ ကျွမ်းကျင်မှုနဲ့ ဒီနိုင်ငံမှာပဲ ကိုယ့်မိသားစုနဲ့အတူတူ လုပ်ကိုင်နိုင်အောင် စီစဉ်ပေးဖို့ လိုပါ တယ်။အခုကြုံနေရတဲ့ အခက်အခက်က ဧရာဝတီတိုင်းက ကျွမ်းကျင်ပညာရှင်မရှိလို့ အခြားတိုင်းနှင့်ပြည်နယ်က ကျွမ်းကျင်ပညာရှင်ကို ခေါ်သုံးရတာကြောင့် အခု ပြန်လာသူတွေထဲက ဧရာဝတီတိုင်းမှာ ကျွမ်းကျင်ပညာရှင် ဘယ် လောက်ရှိမလဲ၊ရှိရင် သူတို့ကို ဒီမှာပဲ လုပ်ဖို့ လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်။”လို့ အတိုင်ပင်ခံက သုံးသပ်သွားပါတယ်။