ဇူလိုင် ၁၁ ရက်နေ့ဆိုရင် ရုံတင်ပါပြီ။

အချစ်ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တဲ့ ‘’ဒဏ္ဍာရီမိုး’’ ရုုပ်ရှင်ဇာတ်ကားကို ဇူလိုင် ၁၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာပါ။ ဒီဇာတ်ကားမှာ ပါဝင်ထားကြသူတွေကလည်း သူတို့ရဲ့ ကာရိုက်တာအကြောင်းလေးတွေကို အခုလို ပြောပြလာပါတယ်။

Photo: ဒဏ္ဍာရီမိုး

ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို ဇူလိုင်လ ၃ ရက်နေ့ ညက Junction City မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇူလိုင်လ ၁၁ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ JCGV ရုပ်ရှင်ရုံတိုင်းမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ စာရေးဆရာ မိုးတိမ်ညို ဇာတ်ကောင်နဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရွှေထူးကလည်း သူ့ရဲ့ ရင်ခုန်သံကို အခုလို ပြောပြခဲ့ပြန်ပါတယ်။ 

‘’ ဒီကာရိုက်တာအတွက်တော့ ကျွန်တော် အရမ်းကျေနပ်တယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကာရိုက်တာနဲ့သူ တာဝန်အပြည့်ယူရတဲ့အချိန်မှာ ကျွန်တော့်နေရာအတွက်လည်း ကျွန်တော် အားရပါတယ်။ ကိုထက်တို့ကရော၊ ကိုသြရသတို့ကရော သင်ပေးပါတယ်ခင်ဗျ’’ ဆိုပြီးတော့ ရွှေထူးက ပြောပါတယ်။

ဒီဇာတ်ကားထဲမှာ စာအုပ်ဖတ်ရတာ ဝါသနာပါတဲ့ကောင်မလေးတစ်ယောက်၊ ကော်ဖီဆိုင်ပိုင်ရှင်လှလှလေးရဲ့ အချစ်ရေးနဲ့ပတ်သက်တဲ့ ခံစားရသမျှတွေကို မိုးနှောင်းဆိုတဲ့ ဇာတ်ရုပ်နဲ့ ဝတ်မှုံရွှေရည်က ပါဝင်သရုပ်ဆောင်ထားပါတယ်။

‘’ဒီဇာတ်ကားထဲမှာ စိတ်ကို သေသေချာချာထည့်၊ နှစ်နှစ်ကာကာ ခံစားပြီးတော့ ကိုယ်က တကယ် အဲဒီအထဲမှာ စီးမျှောပြီးတော့ သရုပ်ဆောင်ထားတာပေါ့။ တကယ်ကို မိုးနှောင်း ဖြစ်သွားတဲ့အထိ အဲဒီခံစားမှုကြီးနဲ့ တကယ်ခံစားရတယ်။ အရမ်းကို ခံစားရတယ်’’ ဆိုပြီးတော့ ပြောပြထားပါတယ်။

‘’ဒဏ္ဍာရီမိုး’’ ရုပ်ရှင်ဇာတ်ကားထဲမှာ အချစ်ကို ရူးရူးမိုက်မိုက် စွဲလမ်းတတ်တဲ့ ဒီလှိုင်း ဆိုတဲ့ ဇာတ်ကောင်နေရာမှာတော့ သရုပ်ဆောင်ဒေါင်းက ပါဝင်ထားတာပါ။ ဒီကာရိုက်တာကို လက်ခံဖြစ်တဲ့အကြောင်းကိုလည်း သူက ပြောပြခဲ့ပါတယ်။

‘’ဗီလိန် ဇာတ်ရုပ်ကို လက်ခံဖြစ်တာက ကျွန်တော် ကြိုက်လို့ပါ ။ ဒါက ကျွန်တော်မလုပ်ဖူးတဲ့ ကာရိုက်တာ တစ်ခုပဲလေ။ ကျွန်တော် မလုပ်ဖူးတဲ့ ကာရိုက်တာတွေလည်း နောက်ထပ် အများကြီးရှိဦးမှာပဲလေ။ အဲဒီအထဲမှာမှ ဒီလှိုင်းကာရိုက်တာကတော့ ကျွန်တော် ရွေးချယ်လိုက်တဲ့ တစ်ခုပေါ့’’ လို့ ဇူလိုင်လ ၃ ရက်နေ့က ‘’ဒဏ္ဍာရီမိုး’’ ရုပ်ရှင်ကားကြီး အထူးပွဲမှာ ဖြေဆိုခဲ့တာပါ။ 

အဲဒီနောက် ဇာတ်ကားတစ်ကားလုံးရဲ့ တန်ပိုကို ထိန်းချုပ်ထားနိုင်ခဲ့တဲ့ အညို (ခေါ်) ဧကဆိုတဲ့ ဇာတ်ကောင်ကတော့ ရဲတိုက်ပဲဖြစ်ပါတယ်။ ဒီကာရိုက်တာကတော့ သူ့ကို ပရိသတ်အသစ်တွေ ထပ်ရစေမယ့် ဇာတ်ကောင်တစ်ခုပါပဲ။

‘’ ကျွန်တော့် ပရိသတ် အသစ်တွေကို ပြောချင်တာက ကျွန်တော့်ပရိသတ်ဖြစ်ရတဲ့အတွက် ဂုဏ်ငယ်ရတာမျိုး မဖြစ်စေရပါဘူးလို့ ပြောချင်ပါတယ်။ ကျွန်မက ရဲတိုက် ပရိသတ်ပါလု့ိ ပြောဖို့ အမြဲတမ်း အဆင်ပြေနေအောင် ရဲတိုက်ဆိုတဲ့ နာမည်တစ်ခုကို အမြဲတမ်း တည်ဆောက်ထားပါ့မယ်လို့’’ ဆိုပြီးတော့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။

ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ 7 Sense Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးပုံဖော်ထားတာပါ။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ ရဲတိုက်၊ ဒေါင်း၊ ရွှေထူးနဲ့ ဝတ်မှုံရွှေရည်တို့က ပါဝင်သရုပ်ဆောင်ထားကြတာပါ။ ပရိသတ်တွေ မြင်ဖူးနေကြမဟုတ်တဲ့ အချစ်ဇာတ်ကား ကောင်းကောင်းလေး ကို ကြည့်ချင်တယ် ဆိုရင်တော့ ‘’ဒဏ္ဍာရီမိုး’’ ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖြစ်အောင် ကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။ 

Share

Loading Next Article...
က္က