တရုတ်နိုင်ငံမှာ တပ်ဆင်ထုတ်လုပ်သွားမယ်လို့သတင်းတွေ ထွက်နေတဲ့ Mac Pro ကွန်ပျူတာသစ်ကို တက္ကဆက်ပြည်နယ် သြစတင်မှာပဲ ထုတ်လုပ်မယ်လို့Apple ကုမ္ပဏီက ကြေညာလိုက်ပါတယ်။
Apple ထုတ်ကုန်အများစုဟာ တရုတ်မှာပဲ တပ်ဆင်ထုတ်လုပ်နေတာ ဖြစ်ပြီး Mac Pro ကွန်ပျူတာတစ်မျိုးပဲ ၂၀၁၃ ခုနှစ်က စတင်ပြီး အမေရိကန်မှာ ထုတ်လုပ်လာတာပါ။ လိုအပ်တဲ့ ပစ္စည်းအစိတ်အပိုင်း တစ်ချို့အတွက် အခွန်ကင်းလွတ်ခွင့်ရတာကြောင့် Apple အနေနဲ့အမေရိကန်မှာ ကွန်ပျူတာထုတ်လုပ်မှု လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့The Verge သတင်းက ဖော်ပြထားပြီး ထုတ်လုပ်မှုကို မကြာခင်မှာ စတင်သွားမယ်လို့လည်း ဆိုပါတယ်။
Photo: Apple
အမေရိကန်ပြည်တွင်းမှာ Mac Pro ကွန်ပျူတာထုတ်လုပ်ဖို့ဖြစ်လာတဲ့ အကြောင်းတစ်ခုက ပြီးခဲ့တဲ့တစ်ပတ်က ထရမ့်အစိုးရဘက်မှ Apple ကုမ္ပဏီအတွက် တရုတ်ထုတ် ပစ္စည်းအစိတ်အပိုင်းများ တင်သွင်းမှုမှာ သွင်းကုန်အခွန်ကင်းလွတ်ပေးတာကြောင့် ဖြစ်တယ်လို့လည်း Apple ဘက်မှ ထုတ်ပြန်ပါတယ်။ မကြာခင် ထုတ်လုပ်သွားမယ့် Mac Pro သစ်ဟာ လက်ရှိ Mac Pro ထက် ဈေးနှုန်း ၂ ဆခွဲ ပိုများမယ်လို့လည်း ကုမ္ပဏီက အတည်ပြုထားပါတယ်။
high-end မော်ဒယ်ဖြစ်တဲ့ မျိုးဆက်သစ် Mac Pro တစ်လုံးဟာ အနည်းဆုံး ၅၉၉၉ ဒေါ်လာဈေးကနေ စတင် ရောင်းချသွားမှ ဖြစ်ပြီး အမြင့်ဆုံးမော်ဒယ်အဖြစ် ဆင်မယ်ဆိုရင် ဒေါ်လာ ၄၅၀၀၀ ( မြန်မာငွေ ကျပ်သိန်း ၆၈၀ ကျော်) ကျသင့်ဖို့လည်း ရှိပါတယ်။ base model အဖြစ် 8 core CPU ကနေ 12 core /16 core/24 core နဲ့28 core CPU မော်ဒယ်တွေအထိ ထွက်ထားပြီး အမြင့်ဆုံးမော်ဒယ်မှာ SSD storage 4TB အထိ သုံးထားပါတယ်။
Photo: The Verge
Mac Pro ကွန်ပျူတာသစ်မှာ သုံးမယ့် ပစ္စည်းအစိတ်အပိုင်းများ ဒီဇိုင်းရေးဆွဲထုတ်လုပ်မှုကို တစ်ဒါဇင်ကျော်တဲ့ အမေရိကန်ကုမ္ပဏီတွေက ထုတ်လုပ်ပေးသွားမှာပါ။ Mac Pro အတွက် supplier တွေဟာ အရီဇိုးနား ၊ မိန်း ၊ နယူးမက္ကဆီကို ၊ နယူးယော့ခ် ၊ အော်ရီဂွန် ၊ ပင်န်ဆီဗေးနီးယား ၊ တက္ကဆက်နဲ့ဗားမောင့် ၈ ပြည်နယ်က ကုမ္ပဏီတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
Apple ဟာ လာမယ့် ၂၀၂၃ ခုနှစ်အရောက်မှာ အမေရိကန်စီးပွားရေးမှာ ဒေါ်လာ ၃၅၀ ဘီလျံ ရင်းနှီးမြှပ်နှံဖို့ကတိပြုထားပြီး ၂၀၁၈ တစ်နှစ်တည်းမှာ ဒေါ်လာ ဘီလျံ ၆၀ ရင်းနှီးမြှပ်နှံထားတယ်လို့ထုတ်ပြန်ထားပါတယ်။