လီဗာပူးလ်က ၃-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့် မာနေးက သူ့ကို လူပေးကစားခဲ့ခြင်းမရှိတဲ့အပေါ်မှာ ဒေါသထွက်ခဲ့တာဖြစ်ပြီး ဒီအဖြစ်အပျက်ကို ပရိသတ်တွေလည်း မြင်တွေ့ခဲ့ကြပါတယ်။
လီဗာပူးလ်အသင်းနည်းပြယာဂင်ကလော့ပ်က ဘန်လေကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းကစားသမားတွေဖြစ်တဲ့ ဆာဒီယိုမာနေး နဲ့ ဆာလာတို့ရဲ့ ပြသနာကို ပါးပါးနပ်နပ်နဲ့ ပြန်လည်ဖြေရှင်းပေးသွားခဲ့တယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ အဆိုပါပွဲမှာ ဆာလာက လူကပ်ခံထားရခြင်းမရှိတဲ့ မာနေးကို ဘောလုံးပေးပို့ခဲ့ခြင်းမရှိပဲ ကိုယ်တိုင်ကန်သွင်းဖို့ အားထုတ်ခဲ့ပြီး လွဲချော်ခဲ့ပါတယ်။
အဆိုပါအဖြစ်အပျက်နဲ့ပတ်သက်ပြီး မာနေးက ဒေါသထွက်နေခဲ့ပြီး လူစားလဲလှယ်ခံရချိန်မှာ အော်ဟစ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး အသင်းဖော်တွေက ဝိုင်းဝန်းထိန်းသိမ်းခဲ့ရပါတယ်။ လီဗာပူးလ်က ၃-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့် မာနေးက သူ့ကို လူပေးကစားခဲ့ခြင်းမရှိတဲ့အပေါ်မှာ ဒေါသထွက်ခဲ့တာဖြစ်ပြီး ဒီအဖြစ်အပျက်ကို ပရိသတ်တွေလည်း မြင်တွေ့ခဲ့ကြပါတယ်။
ဆာလာကတော့ လီဗာပူးလ်ကို ရောက်ရှိလာခဲ့ပြီးနောက်မှာ အသင်းအတွက် ဂိုးပေါင်း ၇၄ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ကိုယ်ကောင်းဆန်ဆန်ကစားတတ်တယ်လို့ မကြာခဏဆိုသလို ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူလည်းဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း မာနေးအပေါ်ထောက်ခံသူတွေများပြားခဲ့ပြီး ဆာလာအနေနဲ့ ပြန်လည်တောင်းပန်သင့်တယ်လို့လည်း မှတ်ချက်ပြုခံခဲ့ရပါတယ်။
"ကစားသမားတွေအနေနဲ့ ဘောလုံးပေးမှာလား၊ မပေးဘူးလားဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်၊ ဒီလိုအမှားမျိုးကို ကျွန်တော်တို့ ကျူးလွန်နိုင်ပါတယ်၊ ဘောလုံးဆုံးရှုံးတာ၊ ကန်ချက်လွဲချော်တာ၊ တခါတလေမှာ အသင်းဖော်ကို မမြင်မိတာတွေ ရှိတတ်ပါတယ်၊ ဒါက သူ့ကို လျစ်လျူရှုတာမျိုးမဟုတ်ပါဘူး၊ တစ်ခါတစ်လေမှာ ကိုယ်မြင်မိသလို တခြားသူမြင်ဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး"
"ဒါက ကြီးမားတဲ့ အရေးကိစ္စလည်းမဟုတ်ပါဘူး၊ တိုက်စစ်မှူးတိုင်းမှာ ဒီလိုမျိုးဖြစ်တတ်ပါတယ်၊ ဒီအပေါ်မှာ အာရုံစိုက်နေဖို့မလိုပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ၃-၀ နဲ့ အနိုင်ရခဲ့လို့ပါ၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နောက်ထပ်တစ်ကြိမ် ကျွန်တော်ပြောဖို့မလိုဘူးလို့ ထင်ပါတယ်" လို့ ကလော့ပ်က ပြောဆိုဖြေရှင်းသွားခဲ့ပါတယ်။