ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ လီဗာပူးလ်အတွက် ခြေစွမ်းပြ (၂)ဂိုးသွင်းယူခဲ့သူ ဖြစ်လို့ ဝိုင်နယ်ဒမ်က ချီးကျူးမှုတွေနဲ့ ထိုက်တန်တယ်လို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဝိုင်နယ်ဒမ်က အသင်းဖော် ဆာဒီယိုမာနေးနဲ့ ပတ်သက်ပြီး မီဒီယာတွေဆီက ထိုက်တန်တဲ့ တုံ့ပြန်မှုမျိုးကို မရရှိတဲ့အပေါ် နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ ပြောဆိုလိုက်ပါတယ်။ မာနေးကတော့ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ လီဗာပူးလ်အတွက် ခြေစွမ်းပြ (၂)ဂိုးသွင်းယူခဲ့သူ ဖြစ်လို့ ဝိုင်နယ်ဒမ်က ချီးကျူးမှုတွေနဲ့ ထိုက်တန်တယ်လို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။
မာနေးကတော့ ဒီရာသီမှာ လီဗာပူးလ်အတွက် အကောင်းဆုံးကစားပေးနေတဲ့ တိုက်စစ်ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း (၂၉)ပွဲကစားပေးထားကာ (၁၆)ဂိုးသွင်းယူပေးထားပြီး ဂိုးသွင်းအများဆုံးစာရင်းမှာ နံပါတ် (၂)နေရာရပ်တည်နေကာ အဂူရိုနဲ့ (၂)ဂိုးသာ ကွာဟနေပါတယ်။ ဒါ့အပြင် ဘိုင်ယန်နဲ့ပွဲအပြီးမှာလည်း လီဗာပူးလ်အတွက် ချန်ပီယံလိဂ်အဝေးကွင်းသွင်းဂိုး အများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။
"သူက တကယ်ကောင်းတဲ့ ကစားသမားပါ၊ ဒီပွဲမှာသူ့အကြောင်းကို ပြောရမှာပါ၊ အသင်းအတွက် သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးထားပြီး တကယ်အရေးပါတဲ့ ကစားသမားတစ်ယောက်ပါ၊ ဒီရာသိမှာသူက ကျွန်တော်တို့ရဲ့ အကောင်းဆုံးကစားသမားဖြစ်ပြီး သူ့အတွက်လည်း ဘောလုံးရာသီကောင်းတစ်ခု ဖြစ်ပါတယ်"
"မီဒီယာတွေက သူ့အကြောင်းကို ဘာလို့မပြောကြတာလဲ?၊ တခြားကစားသမားတွေ ခြေစွမ်းပြရင်တော့ မီဒီယာတွေရဲ့ ခေါင်းကြိးပိုင်းမှာ နေရာယူထားကြပြီး ဆာဒီယိုကလည်း အဲဒီလို ဖြစ်သင့်ပါတယ်၊ အနိုင်ရခဲ့တဲ့ပွဲတွေမှာ သူ့ရဲ့ လွှမ်းမိုးမှုက ကြီးမားခဲ့ပါတယ်၊ ဆာလာကတော့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပွဲကောင်းတစ်ပွဲကို သူ ကစားနိုင်ခဲ့ပါတယ်"
"နှစ်ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားအကြောင်းကို လူတိုင်းပြောရမှာပါ၊ ကစားသမားအများအပြားက မတူညီတဲ့ စွမ်းဆောင်မှုတွေကို ပြုလုပ်နိုင်ကြပါတယ်" လို့ ဝိုင်နယ်ဒမ်က Sky Sports နဲ့ တွေ့ဆုံမှုမှာ ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်ကတော့ အဝေးကွင်းမှာ မာနေးနဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ ဘိုင်ယန်မြူးနစ်ကို (၁-၃) နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။