လီဗာပူးကြယ်ပွင့်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ပြီးခဲ့တဲ့အပတ်မှာ လီဗာပူးအသင်းက ဘန်လေအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က ဆာဒီယိုမာနေးနဲ့ အငြင်းပွားခဲ့တဲ့ မိုဟာမက်ဆာလာကို တကိုယ်ကောင်းသမားလို့ အမည်တပ်ခဲ့ကြောင်း Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။
လီဗာပူးအသင်းဟာ ဘန်လေအသင်းအိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးနောက် အသင်းစံချိန်တင် ၁၃ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့တာဖြစ်ပြီး ယင်းစံချိန်ဟာ ဘန်လေနဲ့ပွဲစဉ်ပွဲပြီးဆုံးခါနီး ဒေါသတကြီးဖြစ်နေတာကြောင့် လူစားလဲခဲ့ရတဲ့ မာနေးရဲ့ကိစ္စက လွှမ်းမိုးခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဆီနီဂေါလက်ရွေးစင်ကြယ်ပွင့် မာနေးဟာ အလွယ်တကူဂိုးသွင်းနိုင်တဲ့အခြေအနေမှာရှိနေခဲ့ပြီး မိုဟာမက်ဆာလာကလည်း ဘောလုံးပေးပို့နိုင်တဲ့ အခွင့်အရေးရှိပေမယ့် ဘောလုံးပေးပို့ခဲ့ခြင်းမရှိဘဲ တကိုယ်ကောင်းဆန်ဆန်ကစားခဲ့တဲ့အတွက် မာနေးက ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။
ဆာဒီယိုမာနေးကို အသင်းဖော် ဖာမီနိုက အရန်ခုံမှာ နှစ်သိမ့်ခဲ့ရပြီး နည်းပြယာဂင်ကလော့ပ်ကလည်း ပြဿနာ ပိုမိုမကြီးထွားလာအောင် ဟန့်တားခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။
“ခင်ဗျား လီဗာပူးအသင်းရဲ့တိုက်စစ် ၃ ဦးကို ကြည့်လိုက်မယ်ဆိုရင် ကမ္ဘာပေါ်မှာ တကိုယ်ကောင်းမဆန်ဆုံးဖြစ်ကောင်းဖြစ်နိုင်တဲ့ ရောဘတ်တိုဖာမီနိုရှိတယ်။ သူက ဘာမဆို ဂရုတစိုက်ရှိနေတတ်တဲ့သူမျိုး။ အဲဒီတော့ သူနဲ့ ကစားဖို့အတွက် အိပ်မက်မက်ရပါလိမ့်မယ်”
“တခြားတဖက်မှာတော့ ဂိုးသွင်းဖို့လောက်နဲ့ ဂိုးသွင်းရှင်ဖြစ်ချင်တာကိုပဲ အာရုံစိုက်တတ်တဲ့ မိုဟာမက်ဆာလာရှိတယ်။ ပြီးရင်တော့ သူတို့ ၂ ယောက်ကြားမှာ ဆာဒီယိုမာနေးရှိတယ်။ သူက လိုအပ်လာမယ်ဆိုရင် တကိုယ်ကောင်းဆန်တတ်ပြီး ဂိုးသွင်းရတာကို နှစ်သက်တယ်။ ဒါပေမယ့် သူက ဘောလုံးပေးပို့ရာမှာတော့ တော်တော်ရက်ရောတဲ့သူပါ”
“ခင်ဗျား တိုက်စစ်မှာ အရမ်းကောင်းတဲ့မျှခြေရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အဲဒါက တစ်နေ့နေ့မှာ ဆူပွက်လာမှာပဲ။ ကျွန်တော် ရုပ်သံအတွက် ဘန်လေနဲ့ လီဗာပူးပွဲကို လုပ်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော် ပြောခဲ့တာက ‘ခင်ဗျား အဲဒါကို မြင်လိုက်လား။ သူ(ဆာလာ)ဘောလုံးပေးသင့်တဲ့အချိန်တွေ အများကြီးရှိနေခဲ့တယ်’ဆိုပြီး ပြောခဲ့ပါတယ်”
“တစ်ယောက်က တကိုယ်ကောင်းဆန်ပြီး တစ်ယောက်က တကိုယ်ကောင်းမဆန်တဲ့သူဆိုပြီးရှိမှာပဲ။ အဲဒီလိုမှမဟုတ်ရင်တော့ ခင်ဗျား ဘယ်တော့မှ ဂိုးရမှာမဟုတ်ပါဘူး။ ကျွန်တော် အမြဲတမ်း ဟက်စကီးနဲ့အကောင်းဆုံးလုပ်ခဲ့တယ်။ သူက တကယ်ကို တကိုယ်ကောင်းမဆန်တဲ့သူဖြစ်ပြီး ကျွန်တော်ကတော့ တကယ်ကို တကိုယ်ကောင်းဆန်ခဲ့ပါတယ်”
“ဒါပေမယ့် နောက်ထပ်တကိုယ်ကောင်းဆန်တဲ့ သွင်းဂိုးတွေ ဆာလောင်နေတဲ့ တိုက်စစ်မှူးတစ်ယောက် ကျွန်တော်နဲ့အတူ ကစားစေမယ်ဆိုရင် တူညီတဲ့လူ ၂ ယောက်အနေနဲ့ သေချာပေါက် အချင်းချင်းနားလည်မှာမဟုတ်ပါဘူး”လို့ ESPN FC ကို ပြောကြားခဲ့ပါတယ်။