စပါးအတွက်ကတော့ နစ်နာစရာ ရှုံးပွဲတပွဲဖြစ်ခဲ့ပါတယ်။ ဘရိုက်တန်ကတော့ ကြီးကြီးမားမား အမှတ်မလိုအပ်ခဲ့ပေမယ့် ဒီပွဲမှာ စပါးကို အကောင်းဆုံး ခုခံကစားသွားနိုင်ခဲ့ပါတယ်။ ဒါက အသင်းကြီးတွေနဲ့ ကစားတိုင်း ဘရိုက်တန်ရဲ့မြင်တွေ့နေကျ ကစားပုံဆိုရင်လည်း မမှားပါဘူး။
ကွန်တီက တိုက်စစ်မှာ တောက်လျှောက်ခြေစွမ်းပြနေတဲ့ ဟာရီကိန်း၊ ဆွန်ဟောင်မင်၊ ကူလူဆက်ဗ်စကီးတို့ကိုပဲ ပွဲထွက်လာခဲ့ပါတယ်။ ဂိုးသမား လိုရစ်၊ ရိုမာရိုး၊ ဒိုင်ယာ၊ ဘင်ဒေးဗီးစ်၊ အီမာဆင်၊ ဘန်တန်ကူ၊ ဟို့ချ်ဘာ့ချ်၊ ရီဂွယ်လွန်တို့နဲ့ ကြီးကြီးမားမား အပြောင်းအလဲမရှိခဲ့ပါဘူး။
ဘရိုက်တန်ကတော့ ရော်ဘတ်ဆန်းချက်ဇ်၊ ကူရယ်လ်လာ၊ ထရော့ဆက်၊ လမ့်တေး၊ ဘစ်ဆိုမာ၊ မွမ်ပူ၊ အယ်လစ်စတာတို့နဲ့ပဲ အမာခံထားပြီး စပါးကို အဝေးကွင်းမှာ လာရောက်ရင်ဆိုင်ခဲ့ပါတယ်။ အံ့အားသင့်စရာကောင်းတာက တောက်လျှောက်ကို တိုက်စစ်ခြေစွမ်းပြနေတဲ့ စပါးက ဒီပွဲမှာ ဂိုးပေါက်ကို တကြိမ်တောင် တည့်အောင် မခြိမ်းခြောက်နိုင်ခဲ့တာပါပဲ။
ဘရိုက်တန်ရဲ့ကစားအားက အသင်းငယ်တွေကြားမှာ အထင်ကြီးစရာကစားအားလည်းဖြစ်ပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်းပဲ အချို့ကာလတွေမှာ အမှတ်တွေဆက်တိုက် ဆုံးရှုံးခဲ့တာကြောင့်သာ ရောက်သင့်သလောက် မပေါက်ရောက်နိုင်ဖြစ်ခဲ့ရတာပါ။ ဒီအသင်းကို မန်စီးတီး၊ လီဗာပူး၊ အာဆင်နယ်တို့ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတာပါ။
အာဆင်နယ်ဆို ပြီးခဲ့တဲ့အပတ်ကမှ အိမ်ကွင်းမှာတင် ပူပူနွေးနွေးရှုံးခဲ့တာဖြစ်ပြီး အခု စပါးထပ်ရှုံးခဲ့ရတာကလည်း အဆိုးလို့ပြောရမှာတောင် ခက်နေပါဦးမယ်။ ဒုတိယပိုင်းမှာ စပါးက လူးကပ်စ်မော်ရာ၊ ဟယ်ရီဝင့်ခ်၊ ဘာ့ချ်ဝင်း နဲ့ ဘရိုက်တန်ဘက်က ဝဲလ်ဘတ်၊ လယ်လာနာ၊ မာ့ချ်တို့ ဝင်ကစားခဲ့ပါတယ်။ ပွဲပြီးခါနီး (၈၉) မိနစ်မှာတော့ ထရော့ဆက်က ဘရိုက်တန်အတွက် တလုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။
စပါးက ဒီရှုံးပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာဆင်နယ်ကို အခွင့်အရေး ပြန်ပေးလိုက်သလိုဖြစ်ခဲ့ပါတယ်။ ဒီကနေ့ညပွဲမှာသာ အာဆင်နယ်က ဆောက်သမ်တန်ကို အနိုင်ရရှိခဲ့ရင် စပါးနဲ့အမှတ်တူသွားမှာဖြစ်ပြီး အာဆင်နယ်က ပွဲကျန်တပွဲကျန်ရှိနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာဆင်နယ်က အလေးပြန်သာသွားမယ်လို့ဆိုရမှာပါ။