Solar Panel ပြားတွေ တပ်ထားပြီး တစ်ခါအားသွင်း မိုင် ၄၀၀ ကျော်အထိ သွားနိုင်မယ့် နယ်သာလန်ထုတ် Lightyear 0 ကားကို ဥရောပဈေးကွက်ထဲ နိုဝင်ဘာလကစလို့ ပထမဆုံးပေးပို့သွားမယ်လို့ ဆိုပါတယ်။
နယ်သာလန်ကုမ္ပဏီ Lightyear ရဲ့ အင်ဂျင်နီယာအဖွဲ့ဟာ Solar စွမ်းအင်သုံး Lightyear 0 ကားမော်ဒယ်အတွက် ၆ နှစ်ကြာ သုတေသနနဲ့ ဖွံ့ဖြိုးမှုလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ Lightyear 0 ဟာ ခေတ်ရှေ့ပြေး အမိုးခုံးစတိုင်နဲ့ လာပြီး ရှေ့ဘက်ခြမ်းမှာ သားနားတဲ့ LED ရှေ့မီးကြီးတွေအပြင် ကျောဘက်မှာလည်း LED Light Bar တစ်ခု ပါရှိပါတယ်။
ရှေ့ခြမ်းမှာ လေယာဉ်အလွိုင်းနဲ့ ဘီးအတွက် လေယာဉ်ကာဗာတွေ တပ်ဆင်ထားပါတယ်။ လေးယောက်ထိုင် ဆိုလာစွမ်းအင်သုံး လျှပ်စစ်ဖြစ်ပြီး လေယာဉ်မှာ သုံးတဲ့ အစိတ်အပိုင်းတွေကြောင့် လေခွဲပြီး ပြေးတဲ့အရှိန်ထိရောက်မှုကို ၀.၁၉ မှာ ထိန်းထားနိုင်တယ်လို့ ဆိုပါတယ်။ Lightyear 0 ရဲ့ ထူးခြားမှုတစ်ခုက ရှေ့နောက်နှစ်ဖက်ကွေး စတုရန်း ၅ မီတာရှိတဲ့ Solar အမိုးနဲ့ Solar ကားဘောနက်ဖုံးတို့ ပါလာတာပဲ ဖြစ်ပြီး Solar ပြားတွေကြောင့် တစ်ရက်ကို ကီလိုမီတာ ၇၀ ( ၄၄ မိုင်အထိ) ပိုပြေးနိုင်မှာပါ။
ကားမှာ ပါတဲ့ လျှပ်စစ်ဘက်ထရီကလည်း တစ်ခါအားသွင်းထားမယ်ဆို ၃၈၈ မိုင်ဝန်းကျင်အထိ မနားတမ်း ဆက်တိုက်မောင်းနှင်နိုင်မယ်လို့ ဆိုပါတယ်။ Solar ပြားတွေဆီက စွမ်းအင်နဲ့ဆို မိုင် ၄၀၀ ကျော် တောက်လျှောက်မောင်းနှင်နိုင်မယ့်သဘောပါ။ လက်ရှိ လျှပ်စစ်ကားဈေးကွက်ထဲက နာမည်ကြီးတဲ့ Tesla Model 3 မှာဆို တစ်ခါအားသွင်းထားတာနဲ့ အများဆုံး ၃၇၄ မိုင် သွားနိုင်ပြီး Kia Niro Long Range ဆို ၂၈၅ မိုင် သွားနိုင်တာကြောင့် Lightyear 0 ဟာ ပြိုင်ဘက်လျှပ်စစ်ကားကုမ္ပဏီတွေကို နောက်ကောက်ချနိုင်မယ့် မော်ဒယ်ဖြစ်ဖို့ ရှိပါတယ်။
နေရောင်အောက်မှာ တစ်နာရီကြာတိုင်း Lightyear 0 ဟာ ၆ မိုင်အထိ သွားနိုင်အောင် ဘက်ထရီကို အားသွင်းပေးနိုင်မယ်လို့ Lightyear ကုမ္ပဏီက ဆိုပါတယ်။ ပေါ်တူဂီနဲ့ စပိန်လို နေသာပြီး ပူပြင်းတဲ့ နိုင်ငံတွေမှာ တစ်ရက်ကို ၂၂ မိုင်အောက်ပဲ ခရီးသွားမယ်ဆိုရင် ၇ လအထိ ကားအားသွင်းစရာမလိုဘူးလို့ပါ ကြေညာထားပါတယ်။ Lightyear 0 ဟာ ကမ္ဘာ့စွမ်းအင်ထိရောက်မှုအရှိဆုံး EV ယာဉ်ဖြစ်ပြီး အမြန်လမ်း ကီလိုမီတာ ၁၀၀ ခရီးအတွက် 10.5 kWh ပဲ သုံးတယ်လို့ ဆိုပါတယ်။
ကားအတွင်းခန်းမှာ ပလတ်စတစ်ရေဗူးက ထုတ်တဲ့ ချည်နဲ့ အပင်က ရတဲ့ လယ်သာကူရှင်တွေ ပါပြီး ရိုးရှင်းတဲ့ Minimalist Cabin ဒီဇိုင်း သုံးထားပါတယ်။ ယာဉ်အတွင်း ဖျော်ဖြေရေးနဲ့ အချက်အလက်တွေအတွက် ၁၀.၁ လက်မ Touchscreen Display တစ်ခု ပါပြီး Android Auto နဲ့ Apple Car Pay အပြင် ဖုန်းကို ကားသော့လို သုံးတဲ့ နည်းပညာတွေလည်း ပါဝင်မှာပါ။
Lightyear ကုမ္ပဏီဟာ တစ်နှစ်ကို ဒီလိုမျိုး ဆိုလာစွမ်းအင်သုံး ကားအစီးရေ ၉၄၆ စီးပဲ ထုတ်လုပ်သွားမှာ ဖြစ်ပြီး တစ်စီးကို ၂၆၃၂၄၃ ဒေါ်လာ (မြန်မာငွေ သိန်း ၅၀၀၀ ကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဥရောပဈေးကွက်က Lightyear 0 မော်ဒယ်တွေ ပထမဆုံး ဝယ်ယူနိုင်မှာ ဖြစ်ပြီး ဒီနှစ် နိုဝင်ဘာလထဲ ဈေးကွက်ဝင်မယ်လို့လည်း သိရပါတယ်။