ဈေးကွက်ထဲက မိုင်အဝေးဆုံး သွားနိုင်တဲ့ လျှပ်စစ်ကားတွေထက် အပြတ်အသတ် သာပါတယ်

Tesla Model S ထက် ၂ ဆနီးပါး ခရီးမိုင် ပိုသွားနိုင်တဲ့ လျှပ်စစ်ကားတစ်မျိုးကို Mercedes-Benz က မိတ်ဆက်ပြသသွားပါတယ်။ 


Mercedes-Benz ထုတ် လျှပ်စစ် Concept ကားဟာ သူ့ဘက်ထရီ pack နဲ့ တစ်ခါအားအပြည့် သွင်းပြီးတာနဲ့ မိုင်ပေါင်း ၇၄၇ မိုင် မောင်းနှင်နိုင်မယ်လို့ Business Insider သတင်းက ဖော်ပြပါတယ်။ ဒါဟာ လက်ရှိ လျှပ်စစ်ကားဈေးကွက်မှာ အားတစ်ခါသွင်းပြီးချိန် မိုင်အဝေးဆုံး မောင်းနှင်နိုင်တဲ့ Lucid Air ထက်တောင် မိုင်၂၂၀ ကျော် ပိုမောင်းနိုင်တာ ဖြစ်ပါတယ်။ 





ဒေါ်လာ ၁၆၉၀၀၀ ဈေးနဲ့ ရောင်းချနေတဲ့ Lucid Air လျှပ်စစ်ကားဟာ မိုင်ပေါင်း ၅၂၀ အားသွင်းဖို့ ရပ်နားစရာ မလိုဘဲ ဆက်တိုက်မောင်းနှင်နိုင်တဲ့ ကားဖြစ်ပါတယ်။ အခု မိတ်ဆက်ပြသလိုက်တဲ့ Mercedes -Benz ရဲ့Vision EQXX ကားဟာ ကုမ္ပဏီရဲ့ အရင်တစ်ခေါက် တင်ထားတဲ့ စံချိန်ကို ကျော်ပြီး အားမသွင်းဘဲ တောက်လျှောက် မိုင်ပေါင်း ၇၄၇ မိုင်အထိ ခရီးသွားနိုင်မယ်လို့ ကုမ္ပဏီက ကြာသာပတေးနေ့မှာ ထုတ်ပြန်ပါတယ်။ 

Vision EQXX ဟာ ဂျာမနီနိုင်ငံ စတုဂတ်မြို့ကနေ ယူကေနိုင်ငံ ဆဲလ်ဗားစတုန်းမြို့ကို တောက်လျှောက်မောင်းသွားခဲ့တာ ဖြစ်ပါတယ်။ Mercedes ဟာ အခုနှစ် အစောပိုင်းကလည်း အလားတူ ခရီးမိုင် စံချိန်တင် မောင်းနှင်နိုင်မယ့် Vision EQXX လျှပ်စစ်ကားတစ်မျိုးကို စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ ၂၀၂၂ ဧပြီလလယ်ပိုင်းက စမ်းသပ်မောင်းနှင်ပြသခဲ့စဉ်က ဒီမော်ဒယ်ဟာ အားသွင်းထားတဲ့ ကားဘက်ထရီ Pack နဲ့တင် အီတလီမြောက်ပိုင်းကနေ ပြင်သစ်တောင်ပိုင်းကမ်းခြေအထိ ကီလိုမီတာပေါင်း ၁၀၀၈ ကီလိုမီတာ (၆၂၆ မိုင်) အထိ မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။ 

အခုတစ်ခေါက် Mercedes-Benz ရဲ့ လျှပ်စစ်ကားမှာလည်း ဈေးကွက်ထဲက ကားတွေထက် အပြတ်အသတ် ခရီးပိုသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ နာမည်ကျော် Tesla ကားကုမ္ပဏီရဲ့ အဝေးဆုံးပြေးနိုင်တဲ့ Model S လို Long-Range ယာဉ်ဟာ တစ်ခါအားသွင်းထားတာနဲ့ မိုင်ပေါင်း ၄၀၀ ကျော်ပဲ ရောက်တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီ EPA က ခန့်မှန်းထားပါတယ်။ 


Mercedes-Benz ကတော့ Vision EQXX ကို Tesla Model S ထက် နှစ်ဆနီးပါး ပိုသွားနိုင်အောင် ဒီဇိုင်းထုတ်နိုင်ခဲ့တာလို့ ဆိုရမှာပါ။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ၁၄ နာရီခွဲကြာ မောင်းနှင်မှုမှာ ၈ နာရီခန့်က အဲကွန်းဖွင့်ထားပြီး မောင်းခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။ EV လျှပ်စစ်ကားဘက်ထရီနဲ့ အဲကွန်းမောင်းပြီး ဒီလောက်ကြာအောင် ခရီးသွားတာဟာ ချီးကျူးစရာအချက်လို့ ဆိုနိုင်ပါတယ်။ 

Mercedes အနေနဲ့ EQXX မော်ဒယ်တွေကို ရောင်းချသွားဖို့တော့ စီစဉ်ထားခြင်း မရှိဘဲ သုတေသနသုံး ယာဉ်အဖြစ်သာ နည်းပညာသစ်တွေ စမ်းသပ်ဖို့ တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က