အင်တာမိုင်ယာမီရဲ့ အသင်းပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ မက်စ်က အသင်းမှာ မက်ဆီ ရရှိမယ့် လုပ်ခလစာပမာဏနဲ့ ပတ်သက်လို့ အသေးစိတ် ဖွင့်ဟပြောကြားခဲ့ပါတယ်။ မက်ဆီဟာ လက်ရှိနွေရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ဆော်ဒီဘက်က ကမ်းလှမ်းမှုတွေရှိခဲ့ပေမယ့် အင်တာမိုင်ယာမီကိုသာ ရွေးချယ်ခဲ့တာပါ။
မက်စ်ဟာ ဒေးဗစ်ဘက်ခမ်းနဲ့အတူ အင်တာမိုင်ယာမီကို ပူးတွဲပိုင်ဆိုင်သူတစ်ယောက်ဖြစ်ပြီး မိုင်ယာမီ အခြေစိုက် မက်စ်တက်လို့ အမည်ရတဲ့ ဆောက်လုပ်ရေးနဲ့ အင်ဂျင်နီယာကုမ္ပဏီရဲ့ ရှယ်ယာကို အများဆုံး ပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ မက်ဆီအနေနဲ့ အင်တာမိုင်ယာမီမှာ ရရှိမယ့် ပမာဏကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့ပါတယ်။
မက်စ်က “ကျွန်တော် မက်ဆီကို (၃) နှစ်လောက် ကြိုးစားခဲ့ရတာဗျ။ တစ်နှစ်ခွဲလောက်က အသည်းအသန်ပဲ။ မက်ဆီရဲ့အဖေလည်းဖြစ်၊ အေးဂျင့်လည်းဖြစ်တဲ့ ဂျော့ချ်နဲ့လည်း အများကြီး စကားပြောခဲ့ရတယ်။ ဘက်ခမ်းကတော့ မက်ဆီနဲ့ပဲ ဘောလုံးအကြောင်းပြောခဲ့တာပေါ့။ ဘာကြောင့်လဲဆိုတော့ ဘက်ခမ်းကလည်း ကစားသမားဟောင်း ဖြစ်ခဲ့လို့လေ”
“ပြီးခဲ့တဲ့ မေလအကုန်မှာတော့ ကိစ္စတွေက အဆုံးသတ်ပြီးပါပြီ။ ကျွန်တော် မက်ဆီကို ဖိအားတွေအောက် မရောက်စေချင်ပါဘူး။ ကျွန်တော်တို့ ဘာစီလိုနာ၊ မိုင်ယာမီ၊ ရိုဆာရီယို၊ ဒိုဟာတို့မှာ စကားတွေ ပြောခဲ့ပါတယ်။ ကမ္ဘာ့ဖလားကာလတစ်လျှောက်လုံး ကျွန်တော် ကာတာမှာ အာဂျင်တီးနားပွဲတွေကြည့်ရင်း ရှိနေခဲ့တာပါ။ Apple နဲ့ စာချုပ်က ဒီအပြောင်းအရွှေ့ကို အကောင်အထည်ပေါ်စေဖို့ အရမ်းအရေးပါခဲ့ပါတယ်။ မက်ဆီက အသင်းမှာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း (၅၀) နဲ့ သန်း (၆၀) အကြား ရရှိမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
မက်ဆီရဲ့ လုပ်ခပမာဏမှာ အင်တာမိုင်ယာမီရဲ့ ရှယ်ယာတစ်စိတ်တစ်ပိုင်း၊ ရုပ်သံထုတ်လွှင့်ခရဲ့ ရာခိုင်နှုန်းတစ်ခု အစရှိတာတွေလည်း ပါဝင်တယ်လို့ သိရှိရပါတယ်။ အထူးသဖြင့် Apple က တစ်ဆင့် ရရှိမယ့် ရုပ်သံဝင်ငွေရဲ့ ရာခိုင်နှုန်းက မက်ဆီအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်ခဲ့ပြီး မက်ဆီနဲ့ မေဂျာလိဂ်တို့ရဲ့ အဓိက စပွန်ဆာဖြစ်တဲ့ Adidas ရဲ့ အမြတ်ငွေတွေကိုလည်း မက်ဆီက ခွဲဝေရရှိနိုင်မှာ ဖြစ်ပါတယ်။