အမ်ဘာပေကတော့ မက်ဆီရသလိုမျိုး ရချင်နေတာပါ။

ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေဟာ မက်ဆီကို အင်တာမိုင်ယာမီက ကမ်းလှမ်းသလိုမျိုး အလားတူ ကမ်းလှမ်းမှုမျိုးနဲ့ ရီးရဲလ်မက်ဒရစ်က သူ့ကို ကမ်းလှမ်းလာဖို့ မျှော်လင့်နေကြောင်း သိရှိရပါတယ်။ အမ်ဘာပေဟာ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးမှာ မဟုတ်ဘဲ လက်ရှိနွေရာသီမှာကတည်းက ထွက်ခွာဖို့ သတင်းထွက်နေပါတယ်။



သူ့ကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်က ပြီးခဲ့တဲ့နွေရာသီမှာကတည်းက စိတ်ဝင်စားခဲ့ပြီး ကစားသမားကိုယ်တိုင်က ပီအက်စ်ဂျီနဲ့သာ စာချုပ်သက်တမ်း တိုးခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လိုနေသလို ရီးရဲလ်မက်ဒရစ်ဘက်ကလည်း အမ်ဘာပေကို ကမ်းလှမ်းနိုင်ခြေရှိကြောင်း သတင်းထွက်နေပါတယ်။

ဒါပေမယ့်လည်း အမ်ဘာပေကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုက အင်တာမိုင်ယာမီတို့ မက်ဆီကို ကမ်းလှမ်းတဲ့ပုံစံမျိုးနဲ့ တူစေချင်ပါတယ်။ အင်တာမိုင်ယာမီဟာ မက်ဆီကို တစ်နှစ်လုပ်ခ ယူရိုသန်း (၅၀) ပေးသွားမှာဖြစ်သလို အသင်းနဲ့ ရုပ်သံထုတ်လွှင့်ခွင့်ကတစ်ဆင့် ရရှိတဲ့ ငွေကြေးတွေရဲ့ ရာခိုင်နှုန်းတစ်ခုကိုလည်း မက်ဆီအတွက် ပေးအပ်သွားဦးမှာဖြစ်ပါတယ်။

ဒါ့အပြင် မက်ဆီအနေနဲ့ အသင်းရဲ့ရှယ်ယာတစ်စိတ်တစ်ပိုင်းကိုလည်း ပိုင်ဆိုင်သွားမှာဖြစ်ပြီး အမ်ဘာပေကပါ ရီးရဲလ်မက်ဒရစ်ဆီက ဒီလိုအခွင့်အရေးမျိုးကို မျှော်လင့်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဘက်ကတော့ ကစားသမားတစ်ယောက်ကို ဒီလိုပုံစံမျိုးနဲ့ ကမ်းလှမ်းသွားဖို့ မရှိတာ သေချာပြီး လာမယ့်နွေမှာ ဘယ်လိုအနေအထားမျိုးနဲ့ အမ်ဘာပေရဲ့ အပြောင်းအရွှေ့ဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ။

ပီအက်စ်ဂျီကတော့ အမ်ဘာပေကို လက်ရှိနွေရာသီမှာကတည်းက ရောင်းချသွားဖို့ ပြင်ဆင်နေပြီး ကစားသမားအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း (၂၀၀) နဲ့ အပိုဆုကြေး ယူရိုသန်း (၅၀) ပါဝင်တဲ့ ပက်ကေ့ချ်တစ်ခုအဖြစ် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခံလိုပါတယ်။ 

Share

Loading Next Article...
က္က