အင်တာမိုင်ယာမီ ကစားသမားသစ် မက်ဆီဟာ အမေရိကန်မြေမှာ ပထမဆုံး ပွဲဦးထွက်အဖြစ် အာဆင်နယ်နဲ့ ကစားမယ့် ခြေစမ်းပွဲမှာ ပါဝင်ကစားသွားဖွယ်ရှိကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ မက်ဆီဟာ လက်ရှိနွေရာသီမှာ ဒေးဗစ်ဘက်ခမ်းပိုင် အင်တာမိုင်ယာမီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။
သူ့ကို ခေါ်ယူဖို့ အသင်းဟောင်း ဘာစီလိုနာအပြင် ဆော်ဒီအာရေဗျ ပရိုလိဂ်ဘက်ကလည်း ကမ်းလှမ်းမှုတွေ ရှိခဲ့ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ အင်တာမိုင်ယာမီကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ မက်ဆီရဲ့ ရွေးချယ်မှုနဲ့ ပတ်သက်လို့လည်း ပရိသတ်အချို့က အံ့အားသင့်ခဲ့ရပြီး ဒီလိုမျိုး မေဂျာလိဂ်ကို ပြောင်းရွှေ့မယ်လို့ မထင်ခဲ့မိကြောင်း ဆိုကြပါတယ်။
မက်ဆီဟာ လက်ရှိအချိန်မှာတော့ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းနေပြီး မနေ့ညက သြစတြေးလျကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ သူ့ရဲ့ ကစားသမားဘဝအတွက် အမြန်ဆုံးသွင်းဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ မက်ဆီတစ်ယောက် အပန်းဖြေအနားယူဦးမှာဖြစ်ပြီး အဲ့ဒီနောက်မှသာ အင်တာမိုင်ယာမီနဲ့ ပူးပေါင်းသွားဖွယ်ရှိပါတယ်။
ဒါ့အပြင် မက်ဆီရဲ့ ပထမဆုံးပွဲဦးထွက်ကတော့ မေဂျာလိဂ် All Star အသင်းနဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့မယ့် ပွဲဖြစ်နိုင်ကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဆိုပါပွဲကို ဇူလိုင်လ (၁၉) ရက်နေ့မှာ ကစားသွားမှာဖြစ်ပြီး မေဂျာလိဂ် All Star အသင်းကိုတော့ ယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်း ရွန်းနီက နည်းပြအဖြစ် ကိုင်တွယ်သွားမှာလည်း ဖြစ်ပါတယ်။
မက်ဆီဟာ ဘာစီလိုနာမှာ ရှိနေစဥ်ကတည်းက ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ရင်း ဂိုးမြူးနေကျ ကစားသမားလည်း ဖြစ်ပါတယ်။ အခုချိန်မှာလည်း သူ့ရဲ့ မေဂျာလိဂ် ကစားသမားဘဝ ပထမဆုံးပွဲကို အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ မက်ဆီတစ်ယောက် ခြေစွမ်းပြ ဂိုးတွေ သွင်းနိုင်ဦးမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။