မနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မွန်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်က နှစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်အတွက် အနိုင်ဂိုးတွေကို ကာဗာဟယ်လ်နဲ့ ဗီနီရှပ်စ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း ရီးရဲလ်တို့ သူတို့ရဲ့ သမိုင်းတစ်လျှောက် (၁၅) ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကြီးကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တိုနီကရူးစ်အတွက်လည်း ရီးရဲလ်ကစားသမားဘဝ၊ ကလပ်ကစားသမားဘဝ နောက်ဆုံးပွဲမှာ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
တစ်ဖက်မှာတော့ ဒေါ့မွန်ရဲ့ သစ္စာခံကစားသမားကြီး မာကိုရူးစ်အတွက်တော့ တော်တော်လေး ရင်နာဖို့ကောင်းခဲ့ပါတယ်။ မာကိုရူးစ်ကလည်း ဒေါ့မွန်ကစားသမားဘဝ နောက်ဆုံးပွဲအဖြစ် ရီးရဲလ်နဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲနွှဲခဲ့ရတာပါ။ သူဝင်လာပြီး (၂) မိနစ်အကြာမှာတင် အသင်းက ကာဗာဟယ်လ်ရဲ့ ခေါင်းတိုက်ဂိုးပေးလိုက်ရပါတယ်။
အဲ့ဒီနောက် ဗီနီရှပ်စ်က ပွဲသိမ်းဂိုးသွင်းပေးခဲ့ပြီး ဒေါ့မွန်တို့ ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း မာကိုရူးစ်တစ်ယောက် သူ့ရဲ့ ဒေါ့မွန်ကစားသမားဘဝ နောက်ဆုံးပွဲမှာ ချန်ပီယံလိဂ်ဖလားကိုင်မြှောက်ခွင့်၊ အောင်ပွဲခံခွင့် လွဲချော်ခဲ့ရပါတယ်။
မာကိုရူးစ်ဟာ ဒေါ့မွန်နဲ့အတူ ချန်ပီယံလိဂ်ဖိုင်နယ်ကို နှစ်ကြိမ် တက်ရောက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီနှစ်ကြိမ်စလုံးမှာ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့ကို ရှုံးနိမ့်ပြီး ချန်ပီယံဆုဖလားနဲ့ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။