အေဂျက်စ်နည်းပြဘဝတည်းက တန်ဟက်ခ်က မာလာစီယာကို သဘောကျခဲ့တာပါ။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ခ် တယောက် အေဂျက်စ်ကို ကိုင်တွယ်ရင်း ဖီယင်နု ဘယ်နောက်ခံလူ မာလာစီယာကို သတိထားမိတဲ့အခိုက်အတန့်က အွန်လိုင်းပေါ်မှာ ရေပန်းစားလျက်ရှိပါတယ်။ အခုချိန်မှာတော့ မာလာစီယာက ယူနိုက်တက်ကို ပြောင်းရွှေ့လာတော့မှာပါ။



ဒီကစားသမားကိုစောင့်ကြည့်ဖို့ တန်ဟက်ခ်က ယူနိုက်တက်ကင်းထောက်တွေကို ညွှန်ကြားထားခဲ့ပါတယ်။ မာလာစီယာအနေနဲ့ လိုင်ယွန်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီးမှ အခုလိုမျိုး တန်ဟက်ခ်ရဲ့ ယူနိုက်တက်က ကြားဖြတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဖီယင်နုနဲ့အေဂျက်စ်တို့ဟာ နယ်သာလန်လိဂ်မှာ ပြိုင်ဘက်တွေဖြစ်ခဲ့ကြပါတယ်။

တန်ဟက်ခ်ရဲ့အေဂျက်စ်နဲ့ မာလာစီယာရဲ့ ဖီယင်နုတို့ ရင်ဆိုင်တွေ့ခဲ့တဲ့ပွဲစဥ်တပွဲမှာ တန်ဟက်ခ်က သူ့ဘေးကလက်ထောက်ကို “ဘယ်နောက်ခံလူနေရာမှာ ကစားနေတဲ့ကောင်လေး (မာလာစီယာ) က တကယ်ကို အံ့အားသင့်ဖွယ်ကောင်းတဲ့ ကောင်လေးပဲ။ သူနဲ့ပတ်သက်လို့ လိုအပ်တဲ့အချက်တွေ ထုတ်ထားလိုက်ပါ” လို့ ပြောကြားခဲ့တဲ့ ဗီဒီယိုဖိုင်က ပျံ့နှံ့နေတာဖြစ်ပါတယ်။

အသက် (၅၂) နှစ်အရွယ် တန်ဟက်ခ်ဟာ ပြီးခဲ့တဲ့နွေရာသီတည်းက မာလာစီယာကို အေဂျက်စ်ထံ ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက အေဂျက်စ် ဘယ်နောက်ခံလူ တာဂလီယာဖီကို အသင်းကနေ ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး တန်ဟက်ခ်က မာလာစီယာနဲ့ အစားထိုးဖို့ ရည်ရွယ်ခဲ့ကြောင်း လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။

မာလာစီယာကို မခေါ်ယူခင်မှာ တန်ဟက်ခ်တယောက် အေဂျက်စ်က တာဂလီယာဖီကို,ကို ယူနိုက်တက်ထံ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါသေးတယ်။ ဒါပေမယ့် ယူနိုက်တက်က မာလာစီယာအတွက် လိုင်ယွန်ထက် ပြောင်းရွှေ့ကြေးပိုပေးပြီး ယူရို (၁၅) သန်းနဲ့ တန်ဟက်ခ်အတွက် ခေါ်ယူပေးခဲ့တာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က