မာလီနိုင်ငံမှာ သမ္မတ အီဗရာဟမ်ဘူဘာကာကီတာက ရာထူးမှနုတ်ထွက်ကြောင်းနဲ့ လွှတ်တော်ကိုဖျက်သိမ်းကြောင်း ဩဂုတ် ၁၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
(ဖမ်းဆီးခံရသည့် သမ္မတအီဗရာဟမ်) (Photo: Reuters)
တော်လှန်ပုန်ကန်တဲ့ စစ်သားတွေက သမ္မတအီဗရာဟမ်ကို သေနတ်ဖြင့်ချိန်ရွယ်ကာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် အာဏာသိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းမှုဟာ ယခင်ကတည်းက စစ်သွေးကြွများ ထကြွသောင်းကျန်းမှုနဲ့ အကြီးအကျယ် ဆန္ဒပြမှုများ ပေါ်ပေါက်နေတဲ့ မာလီနိုင်ငံကို ပိုမိုနက်ရှိုင်းတဲ့ အကျပ်အတည်းအတွင်းသို့ ကျရောက်စေခဲ့ပါတယ်။
စစ်သားတွေက မာလီသမ္မတ အီဗရာဟမ်ကို ဝန်ကြီးချုပ်ဘူဘူဆစ်စီနဲ့ အခြား ထိပ်တန်းအဆင့် အစိုးရအရာရှိတွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ "တစ်ကယ်လို့ ဒီကနေ့မှာ ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲက တပ်ဖွဲ့အချို့က သူတို့ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ ဒါကို အဆုံးသတ်ချင်တယ်ဆိုရင် ကျွန်တော့်မှာ တစ်ကယ် ရွေးချယ်စရာတစ်ခုရှိလို့လား?" လို့ မာလီသမ္မတ အီဗရာဟမ်က Bamako မြို့တော်အပြင်ဘက် Kati မြို့ရှိ စစ်အခြေစိုက်စခန်းတစ်ခုကနေ ပြောကြားခဲ့ပါတယ်။
(မာလီစစ်သားတစ်ဦးကို တွေ့ရစဥ်) (Photo: Reuters)
၎င်းကို ထိုစစ်အခြေစိုက်စခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတာလည်း ဖြစ်ပါတယ်။ မာလီနိုင်ငံမှာ အဂတိလိုက်စားမှုနဲ့ လုံခြုံရေးဆိုးရွားလာမှုတို့ကို ဆန္ဒပြမှုတွေ လနဲ့ချီကြာ ပေါ်ပေါက်နေခဲ့ပြီး သမ္မတအီဗရာဟမ်ကို နုတ်ထွက်ရန်တောင်းဆိုမှုတွေ ရှိနေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်းကလည်း Kati စစ်အခြေစိုက်စခန်းမှာပင် စစ်သားများ ပုန်ကန်မှုတစ်ခုကနေ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး ထိုစဥ်က သမ္မတ Amadou Toumani Toure ကို ဖြုတ်ချခဲ့ပါတယ်။
ထို့နောက် ၂၀၁၃ ခုနှစ် အီဗရာဟမ်က သမ္မတဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။ မာလီသမ္မတ အီဗရာဟမ်ကို ဖြုတ်ချခဲ့တဲ့ အာဏာသိမ်းစစ်သားတွေက သင့်တော်တဲ့ အချိန်ကာလအတွင်း ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ပေးမယ်လို့ ဩဂုတ် ၁၉ ရက်နေ့မှာ ကတိပြုခဲ့ပါတယ်။ စစ်အာဏာသိမ်းခေါင်းဆောင်တွေက ထို့နေ့မွန်းလွဲပိုင်းမှာပင် တရားဟောဆရာ Mahmoud Dicko နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ထပ်မံသိရတဲ့ သတင်းအရ စစ်အာဏာသိမ်းခေါင်းဆောင်တွေက ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ပေးရန် ကတိပြုခဲ့ပြီးနောက် တရားဟောဆရာ Mahmoud Dicko ဟာ နိုင်ငံရေးမှာ ပါဝင်ခြင်းကို ရုပ်သိမ်းသွားမယ်လို့ ၎င်းရဲ့ပြောခွင့်ရအမျိုးသားက ပြောပါတယ်။
(အတိုက်အခံအားပေးသူများ အောင်ပွဲခံစဥ်) (Photo: Reuters)
တရားဟောဆရာ Mahmoud Dicko ဟာ လတ်တလော သီတင်းပတ်များအတွင်း သမ္မတအီဗရာဟမ်ကို ကန့်ကွက်ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူတွေကို စည်းရုံးလှုံ့ဆော်ခဲ့ကြောင်း ၎င်းရဲ့ပြောခွင့်ရအမျိုးသားက ပြောခဲ့ပါတယ်။ Mahmoud Dicko ဟာ မာလီနိုင်ငံရေးနယ်ပယ်ကို ဩဇာကညောင်းသူတစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတအီဗရာဟမ် အနိုင်ခဲ့ရာမှာလည်း ၎င်းရဲ့ထောက်ခံမှုက အရေးပါခဲ့ကြောင်း သိရပါတယ်။
နောက်ပိုင်းမှာတော့ Mahmoud Dicko က သမ္မတအီဗရာဟမ်အပေါ် စိတ်ကုန်သွားခဲ့တယ်လို့ ဆိုပါတယ်။ မာလီမှာ အာဏာသိမ်းလိုက်တဲ့ National Committee for the Salvation of the People လို့ အမည်ပေးထားတဲ့ အဖွဲ့အစည်းရဲ့ ပြောခွင့်ရအမျိုးသားက ၎င်းတို့ဟာ နိုင်ငံအတွင်း နောက်ထပ် ပရမ်းပတာအခြေအနေ၊ မင်းမဲ့စရိုက်နဲ့ မလုံခြုံမှုများကို တားဆီးကာကွယ်ရန် အာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်း ပြောထားပါတယ်။
Source: Reuters, AFP