လီဗာပူးလ်နဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာတော့ ချယ်လ်ဆီးအသင်းနည်းပြတူချယ်လ်အပါအဝင် ကစားသမားတချို့က ဆာဒီယိုမာနေးကို အနီကတ်မပြသခဲ့တဲ့အပေါ် ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ မာနေးဟာ ပွဲချိန်အစောပိုင်းမှာပဲ အက်ဇ်ပီလီကွီတာရဲ့ မျက်နှာကို ဖြတ်ရိုက်ခဲ့တာဖြစ်ပြိး VAR နဲ့ ပြန်လည်သုံးသပ်ခြင်းမရှိခဲ့ဘဲ အဝါကတ်သာ ပြသခံခဲ့ရတာဖြစ်ပါတယ်။
နည်းပြတူချယ်လ်ကလည်း "ဒါက အနီကတ်ဆိုတာ ထင်ရှားနေတာပဲ၊ သူတို့က VAR လည်း ပြန်မကြည့်ခဲ့ဘူး၊ ပုံမှန်အားဖြင့် ပွဲချိန်အစောပိုင်းမှာ အနီကတ်ပြတာမျိုးကို ကျနော်မုန်းတီးပါတယ်၊ ဒါက ပွဲကိုသတ်လိုက်တာပါပဲ၊ ပရိသတ်တွေက ၁၁ ယောက်ချင်းကစားတာကို ကြည့်ဖို့လာကြတာပါ၊ မာနေးက ကွင်းထဲမှာ အမြဲတမ်းရှိသင့်တဲ့ကစားသမားမျိုးပါ၊ သူက အရမ်းကောင်းတဲ့ကစားသမားလေ၊ ဒါပေမယ့် ဒါကတော့ အနီကတ်ပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။
မာနေးရဲ့ ဆီနီဂေါလက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ ချယ်လ်ဆီးဂိုးသမားမန်ဒီကလည်း "ကျနော့် အစ်ကိုက အနီကတ်ပြခံခဲ့ရမှာပါ၊ သူ ကွင်းထဲမှာ ပွဲချိန်တမိနစ်ကတည်းက မရှိသင့်တော့ပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ အာဖရိကပွဲအတွက် ဆီနီဂေါအသင်းနဲ့ သွားရောက်ပူးပေါင်းရမယ့်သူတွေလည်းဖြစ်ပါတယ်။