လီဗာပူးဟာ စာချုပ်သစ်ကိစ္စ မတင်မကျဖြစ်နေတဲ့ ဆာလာကို စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ဆာလာရဲ့ မူလစာချုပ်ဟာ လာမယ့် နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး ဒီကြားထဲမှာ စာချုပ်သက်တမ်းတိုးဖို့ တော်တော်လေးကို ခက်ခဲခဲ့တာပါ။
ကစားသမားဘက်က တပတ်လုပ်ခ ပေါင် (၄) သိန်း အနည်းဆုံးတောင်းဆိုခဲ့တာကြောင့် လီဗာပူးတာဝန်ရှိသူတွေဘက်က ဒါကိုပေးချေဖို့ လက်တွန့်ခဲ့ပြီး စာချုပ်သစ်ကိစ္စက ကြန့်ကြာခဲ့တာဖြစ်ပါတယ်။ လီဗာပူးဟာ ဒီကြားထဲမှာလည်း ဆာလာနည်းတူ စာချုပ်သက်တမ်းတနှစ်ကျန်ရှိသေးတဲ့ မာနေးကို ဘိုင်ယန်မြူးနစ်ထံ ရောင်းချခဲ့ရပါတယ်။
အဲ့ဒါကြောင့်လည်း ဆာလာကို လီဗာပူးတို့ ဆက်လက်ရောင်းချလိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် အခုချိန်မှာတော့ မထင်မှတ်ဘဲ စာချုပ်သစ်ချုပ်ဆိုခဲ့ကြတာပါ။ ဆာလာဟာ စာချုပ်သစ်အရ လီဗာပူးနဲ့ (၂၀၂၅) ဇွန်အထိ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။ The Times သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ဆာလာဟာ စာချုပ်သစ်ကြောင့် တပတ်လုပ်ခ ပေါင် (၃) သိန်းခွဲနဲ့အထက်ကို ရရှိမယ်လို့ သိရှိရပါတယ်။
ဒီပမာဏက ဆာလာကို လီဗာပူးသမိုင်းတလျှောက် လုပ်ခလစာအများဆုံးပေးချေရတဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားစေခဲ့ပါတယ်။ ဆာလာမတိုင်ခင်က လီဗာပူးမှာ လုပ်ခအများဆုံးရရှိတဲ့ ကစားသမားက နောက်ခံလူ ဗန်ဒိုက်ချ်ဖြစ်ပါတယ်။ ဗန်ဒိုက်ချ်ဟာ တပတ်လုပ်ခ ပေါင် (၂၂၀,၀၀၀) ရရှိနေပြီး အခုချိန်မှာတော့ ဆာလာက စာချုပ်သစ်နဲ့အတူ အသင်းရဲ့ လုပ်ခအများဆုံး ကစားသမားအဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့ပါတယ်။
စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာနဲ့ပတ်သက်လို့လည်း ဆာလာက “ကျနော် ကြီးကျယ်ခမ်းနားမှုနဲ့ စိတ်လှုပ်ရှားမှုကို တပြိုင်နက်တည်းခံစားနေရပြီး အသင်းနဲ့အတူ ဆုဖလားအားလုံးကို ဆွတ်ခူးချင်ပါတယ်။ ဒီနေ့က လူတိုင်းအတွက် ပျော်စရာနေ့ရက်ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အရာအားလုံး ပြီးမြောက်သွားခဲ့ပါပြီ” လို့ ပြောကြားခဲ့ပါတယ်။