ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဆာဒီယို မာနေးရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတယ်လို့ သိရပါတယ်။
လီဗာပူးလ်အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ ရရှိခဲ့တဲ့ ၆ နှစ်တာကာလကို ဖြတ်သန်းပြီးနောက် မာနေးဟာ ဘိုင်ယန်မြူးနစ်ကို ပေါင် ၄၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ပိုလန်တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးရဲ့ နေရာမှာ အစားထိုးခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း မာနေးရဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပထမဆုံး ရာသီဟာ မျှော်မှန်းထားတာနဲ့ အတော်လေး အလှမ်းကွာခဲ့ပြီး အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ဒီနေ့အချိန်အထိ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၈ ပွဲမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်သာ ပြုလုပ်ပေးထားနိုင်ခဲ့တာဖြစ်ပြီး Sport1 ဂျာနယ်လစ် ကယ်ရီ ဟောင်က ဘိုင်ယန်မြူးနစ်နည်းပြအဖွဲ့နဲ့ အသင်းတာဝန်ရှိသူတွေဟာ မာနေးဆီကနေ ဒီထက်အများကြီး ပိုမိုမျှော်လင့်ထားခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မာနေးဟာ တစ်ဦးချင်းရင်ဆိုင်မှုအများအပြားမှာ ရှုံးနိမ့်ခဲ့ပြီး လေ့ကျင့်ရေးမှာလည်း တစ်ဦးချင်း ရင်ဆိုင်ရာမှာ အမြဲတမ်းဆိုသလို ပြဿနာဖြစ်နေခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းက မာနေးဟာ လီဗာပူးလ်အသင်းနဲ့ ရှိခဲ့တဲ့အချိန်တုန်းက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာစေခဲ့တဲ့ မြန်နှုန်းနဲ့ ရုန်းအားမျိုး မရှိတော့ဘူးလို့ ခံစားနေရတာဖြစ်ပါတယ်။
မာနေးရဲ့ မြန်နှုန်းကင်းမဲ့နေမှုဟာ ယာဂန် ကလော့ပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တောင်းဆိုမှုတွေများပြားတဲ့ ဖိအားပြင်းပြင်းထန်ထန် ပေးတဲ့ ကစားဟန်နဲ့ သက်ဆိုင်နိုင်တယ်လို့ ထင်မြင်နေကြပြီး ဆီနီဂေါကြယ်ပွင့်ဟာ လီဗာပူးလ်အသင်းနဲ့ ရှိခဲ့တဲ့အချိန်တုန်းက တစ်ရာသီကို ပျမ်းမျှ ပွဲ ၅၀ လောက် ကစားခဲ့ရတာကြောင့်လည်း ပုံမှန်ထက်စောပြီး ကစားအားကျသွားတာလို့ ယူဆနေကြတာဖြစ်ပါတယ်။